12
သားဖွားပြီးစမိန်းမသန့်စင်ခြင်း
1 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
2 မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။
3 အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကိုပြုရမည်။
4 ထိုနောက် အမိသည်စင်ကြယ်စေခြင်းနှင့်ဆိုင်သော အသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မီတိုင်အောင် သန့်ရှင်းသောအရာကိုမကိုင်ရ။ သန့်ရှင်းရာဌာနတော်ကို မသွားရ။
5 သားမိန်းမကိုဖွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တစ်ဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက်ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။
6 သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ်ဖို့ အခါလည်သော သိုးသူငယ်တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ချိုးကလေးတစ်ကောင်၊ သို့မဟုတ် ခိုတစ်ကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
7 ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ပူဇော်၍၊ ထိုမိန်းမအဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။
8 သိုးသငယ်ကိုမတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်သူ့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည်သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမကိုဖွားမြင်သောအမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။