23
ပိလတ်မင်းထံသို့ပို့ဆောင်ခြင်း
(မ ၂၇:၁-၂, ၁၁-၁၄ မာ ၁၅:၁-၅ ယော ၁၈:၂၈-၃၈)
1 ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊-
2 ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။-
3 ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။-
4 ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊-
5 ထိုသူတို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။
ဟေရုဒ်မင်းထံကိုပို့ဆောင်ခြင်း
6 ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း၍၊-
7 ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။
8 ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။-
9 ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော်မမူ။-
10 ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ပြင်းထန်စွာ အပြစ်တင်ကြ၏။-
11 ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ရယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။-
12 ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြသတည်း။
ယေရှုကိုသေဒဏ်စီရင်ခြင်း
(မ ၂၇:၁၅-၂၆ မာ ၁၅:၆-၁၅ ယော ၁၈:၃၉-၁၉:၁၆)
13 တစ်ဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊-
14 ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည်ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ၌ငါမတွေ့။-
15 ဟေရုဒ်မင်းသည်လည်း မတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သောအမှု တစ်စုံတစ်ခုကိုမျှ မပြု။-
16 ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု ဆိုလေ၏။-
17 ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။-+ ၂၃း၁၇ အချို့ရှေးလက်ရေးမူများတွင် ငယ် (၁၇) မပါ။ အချို့တွင် အငယ် (၁၉) နောက် တွင် ပါသည်
18 လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ်တည်း ဟစ်ကြော်ကြ၏။-
19 ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင်ထားသောသူ ဖြစ်သတည်း။
20 ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အား တစ်ဖန်ပြောဆိုလေ၏။-
21 သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။-
22 ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ် တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။ ထိုကြောင့် သူ့ကိုငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊-
23 လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ကြီးစွာသောအသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏ အသံသည် နိုင်လေ၏။-
24 ပိလတ်မင်းသည်လည်း သူတို့တောင်းသည်အတိုင်း ဖြစ်စေခြင်းငှာ စီရင်၍၊-
25 ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူများတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။
ယေရှုကိုလက်ဝါးကပ်တိုင်မှာတင်သတ်ခြင်း
(မ ၂၇:၃၂-၄၄ မာ ၁၅:၂၁-၃၂ ယော ၁၉:၁၇-၂၇)
26 ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။-
27 နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချို့ပါ၏။-
28 ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။-
29 အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။-
30 ထိုအခါ သူတို့က၊ အို တောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အို ကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။-Ref ၂၃:၃၀။ ဟော ၁၀:၈။ ဗျာ၊ ၆:၁၆။
31 အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။-
32 ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။
33 ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။-
34 ယေရှုကလည်း၊ အို အဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။+ ၂၃း၃၄ ယေရှုကလည်း၊ အိုအဘ--မြွက်ဆိုတော်မူ၏ အချို့ရှေးလက်ရေးမူများတွင် "ယေရှုကလည်း၊ အိုအဘ--မြွက်ဆိုတော်မူ၏" မပါ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။-Ref ၂၃:၃၄။ ဆာ ၂၂:၁၈။
35 လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ရယ်ပြုကြ၏။-Ref ၂၃:၃၅။ ဆာ ၂၂:၇။
36 စစ်သူရဲတို့သည်လည်း လာ၍ ပုံးရည်ကို ကပ်ပေးလျက်၊-Ref ၂၃:၃၆။ ဆာ ၆၉:၂၁။
37 သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ရယ်ပြုလျက် ဆိုကြ၏။-
38 ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊+ ၂၃း၃၈ ခေါင်းတော်ပေါ်မှာ---ယုဒရှင်ဘုရင်ပေတည်း အချို့ရှေးလက်ရေးမူများ၌ "ခေါင်းတော်ပေါ်မှာ ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤ သူသည် ယုဒရှင်ဘုရင်ပေတည်း။ ဟူ၍ပါရှိသည်ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။
39 ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတို့ကိုလည်းကောင်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။-
40 တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။-
41 ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊-
42 သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။-
43 ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရှုအသက်ချုပ်တော်မူခြင်း
(မ ၂၇:၄၅-၅၆ မာ ၁၅:၃၃-၄၁ ယော ၁၉:၂၈-၃၀)
44 ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။-
45 နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။-Ref ၂၃:၄၅။ ထွ ၂၆:၃၁-၃၃။
46 ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။-Ref ၂၃:၄၆။ ဆာ ၃၁:၅။
47 ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။-
48 ထိုအမှုကို အကြည့်အရှုလာသောသူ အပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။-
49 ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။-Ref ၂၃:၄၉။ လု ၈:၂-၃။
ယေရှုကိုသင်္ဂြိုဟ်ခြင်း
(မ ၂၇:၅၇-၆၁ မာ ၁၅:၄၂-၄၇ ယော ၁၉:၃၈-၄၂)
50 ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတစ်ယောက်သည်၊ အခြားသော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊
51 ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊-
52 ယေရှု၏အလောင်းတော်ကို တောင်းလေ၏။-
53 အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။-
54 ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။-
55 ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကိုလည်းကောင်း အကြည့်အရှု လိုက်လာကြ၏။-
56 ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့်နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။-Ref ၂၃:၅၆။ ထွ ၂၀:၁၀။ တရား၊ ၅:၁၄။