24
ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ်ကျွန်ခံပြီးမှ တစ်ဖန်လှန်ပြန်၍ ပုန်ကန်လေ၏။Ref ၂၄:၁။ ယေ ၂၅:၁-၃၈။ ဒံ၊ ၁:၁-၂။ ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်ဆီးစေခြင်းငှာ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော်မူ၏။ မနာ​ရှေမင်းပြုမိသမျှသော အပြစ်၊ အသေမခံထိုက်သောသူတို့ကိုသတ်၍ သူတို့အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှာ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။ ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသောမြေကို ဗာဗုလုန်ရှင်ဘုရင်ယူသောကြောင့်၊ နောက်တစ်ဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ​
(၆ရာ ၃၆:၉-၁၀)
ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာသန်၏သမီးနဟုတ္တအမည်ရှိ၏။ ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
10 ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ၏။ 11 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထားကြသောအခါ၊ 12 ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင်ထံသို့ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။Ref ၂၄:၁၂။ ယေ ၂၂:၂၄-၃၀၊ ၂၄:၁-၁၀၊ ၂၉:၁-၂။ 13 ထာဝရဘုရား မိန့်တော်မူဖူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဖို့ ဣသရေလရှင်ဘုရင်လုပ်သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။ 14 ယေရုရှလင်မြို့သားမှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတစ်သောင်း၊ အထူးထူးအပြားပြားသော ဆရာသမားအပေါင်းတို့ကိုသိမ်းသွား၍၊ သာမညဆင်းရဲသားမှတစ်ပါး အဘယ်သူမျှ မကျန်ကြွင်းရ။ 15 ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသော ပြည်သားများအပေါင်း၊Ref ၂၄:၁၅။ ယေဇ ၁၇:၁၂၊ 16 စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြားအပြားသော ဆရာသမားတစ်ထောင်တို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
17 ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။Ref ၂၄:၁၇။ ယေ ၃၇:၁။ ယေဇ၊ ၁၇:၁၃။
ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​
(၆ရာ ၃၆:၁၁-၁၂ ယေ ၅၂:၁-၃က)
18 ဇေဒကိသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီးဟာမုတာလအမည်ရှိ၏။Ref ၂၄:၁၈။ ယေ ၂၇:၁-၂၂၊ ၂၈:၁-၁၇။ 19 ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 20 ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏။Ref ၂၄:၂၀။ ယေဇ ၁၇:၁၅။