7
ရှောလမုန်၏နန်းတော်
1 တစ်ဖန် ရှောလမုန်သည် တစ်ဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကိုတည်ဆောက်၍ လက်စသတ်လေ၏။
2 နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။ အာရဇ်တိုင်လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။
3 တိုင်တစ်စဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင်ပေါင်းလေးဆယ်ငါးအပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့် မိုးလေ၏။
4 အလင်းဝင်စရာ ပြူတင်းပေါက်သုံးတန်းစီ အဆင့်ဆင့်မျက်နှာချင်းဆိုင်လျက် တစ်ဖက်တစ်ချက်၌ ရှိကြ၏။
5 တံခါးပေါက်ရှိသမျှ တံခါးတိုင်ရှိသမျှတို့သည် စတုရန်းလေးထောင့်ဖြစ်ကြ၏။
6 တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်းလုပ်လေ၏။
7 တရားစီရင်ရာ ကနားပြင်တည်းဟူသော တရားပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ်၍၊ ကြမ်းတစ်ဖက်မှ တစ်ဖက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့် မိုးလေ၏။
8 နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တံတိုင်းလည်းရှိ၏။ ရှောလမုန်စုံဖက်သော ဖာရောဘုရင်၏သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ၏။Ref၇:၈။ ၃ရာ ၃:၁။
9 တံတိုင်းကြီး ပြင်ဘက်တိုင်အောင်လည်းကောင်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်လည်းကောင်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဖက်စလုံး လွှနှင့်တိုက်သောကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ်တောင်ရှိသောကျောက်၊ ထူးဆန်းသောကျောက်တို့ဖြင့် ပြီးကြ၏။
10 အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ်တောင်ရှိသောကျောက်၊ ထူးဆန်းသောကျောက်ကြီးတို့ဖြင့်ပြီး၏။
11 အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့်အညီ လုပ်သောကျောက်၊ ထူးဆန်းသောကျောက်နှင့် အာရဇ်သစ်သားရှိ၏။
12 တံတိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတစ်တန်းဖြင့် ပြီး၏။ ဗိမာန်တော်အတွင်းတံတိုင်း၊ နန်းတော်ကနားပြင် တံတိုင်းတို့သည် ထိုအတူပြီးကြ၏။
ဟိရံ၏အလုပ်တာဝန်
13 ရှောလမုန်သည်လည်း၊ လူကိုစေလွှတ်၍ တုရုမြို့မှ ဟိရံကိုခေါ်လေ၏။
14 ထိုဟိရံကား၊ နဿလိအမျိုးမုဆိုးမသားဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမားဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သောဉာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန်မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။
ကြေးဝါတိုင်ကြီးနှစ်လုံး
(၆ရာ ၃:၁၅-၁၇)
15 ထိုသူသည် အမြင့်တစ်ဆယ်ရှစ်တောင်၊ လုံးပတ်တစ်ဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ၏။
16 တိုင်အပေါ်မှာတင်စရာဖို့ အမြင့်ငါးတောင်ရှိသော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။
17 ကြေးဝါကွန်ရွက်နှင့် ကြေးဝါကြိုးတို့ကိုလည်းလုပ်၍၊ တိုင်တစ်တိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ်ပေါ်မှာ ဖုံးလွှမ်းလေ၏။
18 ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ်ကွန်ရွက်အပေါ်မှာ ထိပ်တစ်ခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။
19 ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့သည် ကြာပွင့်နှင့်ပုံတူ၍ အချင်းလေးတောင်ရှိ၏။
20 တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့်နီးစပ်သော ထုပိကာအပေါ်မှာတည်လျက်၊ တိုင်ထိပ်တစ်ခု၌ သလဲသီးနှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ၏။
21 ထိုတိုင်တို့ကို ဗိမာန်တော် ကနားပြင်ထဲမှာ စိုက်ထား၍ လက်ယာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။
22 တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည်ဖြစ်၍ တိုင်တို့သည်စေ့စုံကြ၏။
ကြေးဝါရေကန်
(၆ရာ ၄:၂-၅)
23 အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အဇောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်းလုပ်လေ၏။
24 ရေကန်အနားပတ်အောက်ပတ်လည်၌ အတောင်တစ်တောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့်တစ်စပ်တည်း သွန်းလေ၏။
25 ထိုရေကန်သည် နွားတစ်ဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာသို့ တစ်မျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။
26 ရေကန်သည် ဒုလက်တစ်ဝါးရှိ၏။ အပေါ်အနားပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
ကြေးဝါလက်တွန်းလှည်းများ
27 တစ်ဖန် အလျားလေးတောင်၊ အနံလေးတောင် အမြင့်သုံးတောင်ပမာဏရှိသော ကြေးဝါခုံတစ်ဆယ်ကိုလုပ်လေ၏။
28 ထိုခုံပုံသဏ္ဌာန်ဟူမူကား၊ ခုံပတ်လည်၌ အနားရစ်အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊
29 ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ်အပေါ်မှာ ခုံတစ်ခုတင်လျက်ရှိ၏။ ခြင်္သေ့နှင့်နွားအောက်၌လည်း အပြောက်မျိုးရှိ၏။
30 ခုံတစ်ခု၌ ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုးနှင့်တကွ ရှိ၏။ အင်တုံတင်စရာဖို့ ခုံလေးထောင့်၌ ပခုံးတို့ကို ခုံနှင့်တစ်စပ်တည်း သွန်းလေ၏။
31 အင်တုံဝ၌ပါသော အကွပ်သည် အကျယ်တစ်တောင်ရှိ၏။ အဝသည် ဝိုင်း၍ အချင်းတစ်တောင်ထွာ ရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
32 ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာ နေရာကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တစ်တောင်ထွာရှိ၏။
33 ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုးအိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။
34 ခုံလေးထောင့်၌ တစ်စပ်တည်းသွန်းသော ပခုံးလေးခုရှိသဖြင့်၊
35 ထိုပခုံးပေါ်မှာ လုံးပတ်တစ်ထွာရှိသော ကွင်းကိုတပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့်တစ်စပ်တည်းသွန်းလေ၏။
36 ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ်လျက်ရှိ၏။
37 ထိုသို့ပုံသဏ္ဌာန်အလုံးအရပ်တူအောင်၊ အင်တုံတင်ရာခုံ တစ်ဆယ်ကို သွန်း၍ပြီးလေ၏။
38 အဝန်းလေးတောင်ကျယ်၍၊ ရေဗတ်လေးဆယ်ဝင်နိုင်သော ကြေးဝါအင်တုံတစ်ဆယ်ကိုလည်းလုပ်၍၊ ခုံတစ်ခုပေါ်မှာ အင်တုံတစ်လုံးစီ တင်ထားလေ၏။Ref ၇:၃၈။ ထွ ၃၀:၁၇-၂၁။
39 အိမ်တော်လက်ယာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ငါးခုကိုထား၍ ရေကန်ကိုကား၊ အိမ်တော်လက်ယာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။
ဗိမာန်တော်ပစ္စည်းတန်ဆာစာရင်းအချုပ်
(၆ရာ ၄:၁၁-၅:၁)
40 ဟိရံသည် အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များကိုလည်းလုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လက်စသတ်သောအရာများဟူမူကား၊
41 တိုင်နှစ်တိုင်၊ တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊
42 ဖုံးလွှမ်းစရာကွန်ရွက်တစ်ရွက်အဖို့ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊
43 ခုံဆယ်ခု၊ ခုံပေါ်မှာတင်ထားသော အင်တုံဆယ်လုံး၊
44 ရေကန်တစ်ကန်၊ ရေကန်ကိုထောက်သော နွားတစ်ဆယ်နှစ်ခု၊
45 အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များတည်း။ ရှောလမုန်မင်းကြီးအဖို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏ အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။
46 ယော်ဒန်ချိုင့်၊ သကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသောမြေ၌ ရှင်ဘုရင်သွန်းလေ၏။
47 ထိုတန်ဆာတို့သည် အလွန်များသောကြောင့်၊ ရှောလမုန်သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။
48 ရှောလမုန်သည်လည်း ထာဝရဘုရား၏အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသောရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ၊- ၇:၄၈။ ထွ ၃၀:၁-၃၊ ၂၅:၂၃-၃၀။
49 ဗျာဒိတ်ဌာနတော်ရှေ့၊ လက်ယာဘက်၌ ရွှေစင်မီးခုံငါးခု၊ လက်ဝဲဘက်၌ငါးခု၊ ရွှေပန်းပွင့်၊ ရွှေမီးခွက်၊ မီးကိုင်တန်ဆာ၊Ref ၇:၄၉။ ထွ ၂၅: ၃၁-၄၀၊ ၇:၅၁။ ၂ရာ၊ ၈:၁၁။ ၅ရာ၊ ၁၈:၁၁။
50 ရွှေစင်ဖြင့်ပြီးသောခွက်များ၊ မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထားသော ရွှေပတ္တာများတို့ကိုလုပ်လေ၏။
51 ထိုသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ ပြုလုပ်စီရင်သမျှအလုံးစုံတို့ကို လက်စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာများကိုဆောင်ခဲ့၍၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။Ref ၇:၅၁။ ၂ရာ ၈:၁၁။ ၅ရာ၊ ၁၈:၁၁။