17
1 ယောသပ်၏သားဦးမနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
2 ယောသပ်၏သား မနာရှေ၏သားယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖာသား၊ ရှမိဒသားတို့သည် အဆွေအမျိုးအလိုက်စာရေးတံပြု၍ ရကြသေး၏။
3 သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖာတို့မှဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာ ရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ပေါက်ဖော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အားပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။Ref ၁၇:၄။ တော ၂၇:၁-၇။
5 ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည်ကို ရသောကြောင့်၊
6 ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်မှတစ်ပါး၊ မနာရှေအမျိုးသည် ဆယ်ဖို့ကို ရသေး၏။
7 မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ယာဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။
8 တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။
9 တစ်ဖန် အပိုင်းအခြားသည် ကာနမြစ်တောင်ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေဖြစ်၍ ပင်လယ်၌ဆုံးလေ၏။
10 တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။
11 ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူမူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။
12 သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ကိုမသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင်နေကြ၏။
13 ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေးစေကြ၏။Ref ၁၇:၁၂-၁၃။ သူကြီး ၁:၂၇-၂၈။
14 ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကိုခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည် တစ်ဖို့တစ်ခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအားမေးလျှောက်ကြသော်၊
15 ယောရှုက၊ သင်တို့သည်အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင်ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော၏။
16 ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင်သည် အကျွန်ုပ်တို့အဖို့ မလောက်ပါ။ ချိုင့်အရပ် ဗက်ရှန်မြို့ရွာတို့၌လည်းကောင်း၊ ယေဇရေလချိုင့်၌လည်းကောင်းနေသော ခါနနိလူအပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက်ပြန်လျှင်၊
17 ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တစ်ဖို့တည်းကိုသာ မယူရ။
18 တောင်သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့် ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုးတည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။