43
အဲဂုတ္တုပြည်သို့ခေါ်ဆောင်သွားခြင်း
1 ထိုလူများတို့၏ဘုရားသခင် ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့အား အကုန်အစင်ကြားပြောသည်ရှိသော်၊
2 ဟောရှဲသားအာဇရိနှင့် ကာရာသားယောဟနန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသားစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။
3 ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှာ၊ နေရိသားဗာရုတ်သည် သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
4 ကာရာသားယောဟနန် အစရှိသောတပ်မှူးများနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည်ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊
5 အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှာ၊Ref ၄၃:၅-၇။ ၄ရာ ၂၅:၂၆။
6 ပြန်လာသော ယုဒအမျိုးသား အကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိ၌အပ်သော လူအပေါင်းတို့ကိုလည်းကောင်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကိုလည်းကောင်း၊ ကာရာသားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊
7 ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့သွား၍ တာပနက်မြို့သို့ ရောက်ကြ၏။
8 တာပနက်မြို့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊
9 သင်သည် ကြီးသော ကျောက်တို့ကိုကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာရှိသော အုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။
10 သူတို့အားလည်း၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် လူကိုစေလွှတ်၍၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ်ထားသော ဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိတဲတော်ကို ဤကျောက်တို့အပေါ်မှာ ဖြန့်လိမ့်မည်။
11 ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တုပြည်ကိုလုပ်ကြံ၍၊ သေတန်သောသူတို့ကို သေခြင်းသို့လည်းကောင်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထားခြင်းသို့လည်းကောင်း အပ်လိမ့်မည်။
12 အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည်လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့်မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်းသည် အဲဂုတ္တုပြည်ကို ဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွားလိမ့်မည်။
13 အဲဂုတ္တုပြည် ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတုများကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။