29
ပြည်နှင်ဒဏ်ခံသူများထံ​ပေးစာ
ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊Ref ၂၉:၁-၂။ ၄ရာ ၂၄:၁၂-၁၆။ ၆ရာ၊ ၃၆:၁၀။ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သားဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည်စာရေး၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့နေရာသို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့အားမိန့်တော်မူသည်ကား၊ အိမ်တို့ကိုဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကိုဖွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးစား၍၊ တစ်ဖန် သားသမီးကို ဖွားမြင်စေကြလော့။ ငါသည် သင်တို့ကို သိမ်းသွားစေသော မြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဖို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်း ရှိကြလိမ့်မည်။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင်စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။ တစ်ဖန် မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူ မဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသားစကားကို ဟောပြောတတ်ကြ၏။ 10 တစ်ဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ကတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ငါပို့ဆောင်ဦးမည်။Ref ၂၉:၁၀။ ၆ရာ ၃၆:၂၁။ ယေ၊ ၂၅:၁၁။ ဒံ၊ ၉:၂။ 11 တစ်ဖန် မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏။ 12 တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ 13 ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။Ref ၂၉:၁၃။ တရား ၄:၂၉။ 14 ငါသည်လည်း၊ သင်တို့အတွေ့ကိုခံမည်။ အထက်က ငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်းအမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံအရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ်၍ သင်တို့ရှုံးသောပြည်သို့ တစ်ဖန် ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
15 ထာဝရဘုရားသည် ငါတို့အဖို့ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ်၍၊ 16 ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူ အပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ်၍၊ 17 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင် အလွန်ညံ့သောသင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။ 18 သူတို့ကို ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည်အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၏နှောင့်ယှက်ခြင်းသို့ သူတို့ကိုငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 19 အကြောင်းမူကား၊ ငါသည်စောစောထ၍၊ အထပ်ထပ်မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက်တို့၏စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။ 20 ထိုကြောင့် သိမ်းသွားခြင်းကိုခံရ၍၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ၏။
21 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏နာမကိုအမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။ 22 ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကိုဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။ 23 အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသားစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ရှေ​မာ​ယ​၏​စာ​
24 နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ 25 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကိုအမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သားရှိသမျှတို့ကို စာပေးလိုက်၍၊ 26 သင်သည် ဗိမာန်တော်၌ လူစောင့်ကိုခန့်ထားသဖြင့်၊ ပရောဖက်လုပ်သောအရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။ 27 သို့ဖြစ်၍၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသားယေရမိကို အဘယ်ကြောင့် မဆုံးမသနည်း။ 28 သူကလည်း၊ ဤအမှု ကြာလိမ့်မည်။ အိမ်တို့ကိုဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့ဟု၊ ဗာဗုလုန်မြို့၌နေသော ငါတို့ကိုမှာလိုက်ပါပြီတကားဟု၊ 29 ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ်ဇေဖနိသည် ပရောဖက်ယေရမိရှေ့မှာ ဖတ်လေ၏။ 30 ထိုအခါ နဟေလံရွာသား ရှေမာယကိုရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါမစေလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသား၌ခိုလှုံစေသောကြောင့်၊ 31-32 ထာဝရဘုရားမိန့်တော်မူသည်ကား၊ နဟေလံရွာသားရှေမာယနှင့် သူ၏အမျိုးကို ငါသည်ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏ လူတစ်ယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတ္တံ့သော ကျေးဇူးကို သူသည်မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။