11
ယေရမိနှင့်ပဋိညာဉ်စကား
1 ယေရမိသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့။
2-5 သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသော ပြည်ကိုငါပေးမည်ဟု၊ သင်တို့၏ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာကတိကို စောင့်ရသောအခွင့် ရှိစေခြင်းငှာ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည်အကြောင်း၊ ငါ့စကားကို နားထောင်၍၊ ငါမှာထားသမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နုတ်ဆောင်သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကားကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကိုခံစေဟု မိန့်တော်မူလျှင်၊ ငါက၊ အို ထာဝရဘုရား၊ အာမင်ဟု လျှောက်၏။
6 ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များနှင့် ယေရုရှလင်မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကားဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင်၍ ကျင့်ကြလော့။
7 အကြောင်းမူကား၊ ငါ့စကားကို နားထောင်ကြလော့ဟု၊ သင်တို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနုတ်ဆောင်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊
8 သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သော မိမိတို့စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း၊ တစ်ယောက်မျှမကြွင်း၊ လိုက်သွားကြသောကြောင့်၊ ငါမှာထား၍၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံတို့ကို၊ သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော်မူ၏။
9 တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် သင်းဖွဲ့ကြ၏။
10 ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှာပြန်သွားကြပြီ။ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုအံ့သောငှာ လိုက်သွားကြပြီ။ သူတို့၏ဘိုးဘေးများနှင့် ငါဖွဲ့သောပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။
11 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့မလွတ်နိုင်သော ဘေးအန္တရာယ်ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်။ သူတို့သည် ငါ့ကိုအော်ဟစ်သော်လည်း၊ ငါနားမထောင်ဘဲနေမည်။
12 ထိုအခါ ယုဒမြို့သူရွာသားနှင့် ယေရုရှလင်မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ပူဇော်ဖူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေးရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာမပေးဘဲနေကြလိမ့်မည်။
13 အို ယုဒပြည်၊ သင်သည် မြို့များအရေအတွက်ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေအတွက် ရှိသည်အတိုင်း၊ ရှက်ဖွယ်သောရုပ်တုအဖို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်းရှို့ရာ ယဇ်ပလ္လင်များကို တည်ကြပြီ။
14 သို့ဖြစ်၍ သင်သည် ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သောစကားကို ငါနားမထောင်။
15 ငါချစ်သောအစ်မသည် များစွာသောသူတို့နှင့် မတရားသဖြင့် ပေါင်းဖော်၍၊ ဆိုးညစ်စဉ်တွင်၊ ငါ့အိမ်နှင့် အဘယ်သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသောအမဲသားကို မပူဇော်ရ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင်၊ ဝမ်းမြောက်ပါသည်တကား၊
16 စိမ်းလန်းလှပ၍ ကောင်းသောအသီးကို သီးသောသံလွင်ပင်ဟု၊ သင့်ကို ထာဝရဘုရား သမုတ်တော်မူ၏။ ကြီးသောအသံဗလံနှင့် ထိုအပင်ကို မီးရှို့တော်မူ၍၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ၏။
17 ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလဘုရားရှေ့မှာ နံ့သာပေါင်းကိုမီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ မိမိတို့အဖို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌ အမှုရောက်မည်အကြောင်း မိန့်တော်မူပြီ။
ယေရမိအားလုပ်ကြံရန်ကြံစည်မှု
18 ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။
19 အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှာ၊ အသီးအကင်းနှင့်တကွ အပင်ကိုရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏နေရာမှ သူ့ကို ပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တစ်ဖက်၌ မကောင်းသောအကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။
20 နှလုံးကျောက်ကပ်ကိုစစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့အားအပြစ်ပေးတော်မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
21 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ်မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည်အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကိုရှာကြသောကြောင့်၊
22 ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည်ငတ်မွတ်၍ သေကြလိမ့်မည်။
23 တစ်စုံတစ်ယောက်မျှ မကြွင်းရ။ ထိုသို့ စစ်ကြောရာကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သားတို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။