5
ဥပုသ်နေ့တွင်ကုသခြင်း
1 ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။-
2 ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။-
3 ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မျှော်လင့်၍ နေကြ၏။-
4 အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေ့ ဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။+ ၅:၄ အချို့ရှေးလက်ရေးမူများတွင် အခန်းငယ် (၄) မပါ
5 ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတစ်ယောက်သည် ရေကန်နားမှာရှိ၏။-
6 ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျမ်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။-
7 နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။-
8 ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊-
9 ခဏချင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။
10 ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က၊ ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ၏။-Ref ၅:၁၀။ နေ ၁၃:၁၉။ ယေ၊ ၁၇:၂၁။
11 သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဆိုသည်ဟု ပြန်ပြော၏။-
12 ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ်သူနည်းဟု မေးမြန်းကြ၏။-
13 ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည် မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။
14 ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။-
15 ထိုသူသည်သွား၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြောလေ၏။-
16 ထိုအမှုကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။-
17 ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။-
18 သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှာ သာ၍ရှာကြံကြ၏။
သားတော်၏အခွင့်အာဏာ
19 ယေရှုကလည်း၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။-
20 ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့သည် အံ့ဩဖွယ်ရှိစေခြင်းငှာ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။-
21 ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။-
22 လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊-
23 သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့် ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။-
24 ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
25 ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။-
26 အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။-
27 သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။-
28 ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊-
29 ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။Ref ၅:၂၉။ ဒံ ၁၂:၂။
ယေရှုအကြောင်းသက်သေခံသူများ
30 ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။
31 ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။-
32 ငါ၏အကြောင်းကို သက်သေခံသောသူ တစ်ပါးရှိသေး၏။ ထိုသူ၏သက်သေတည်ကြောင်းကို ငါသိ၏။-
33 သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။-Ref ၅:၃၃။ ယော ၁:၁၉-၂၇၊ ၃:၂၇-၃၀။
34 သို့သော်လည်း လူပေးသောသက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။-
35 ယောဟန်သည် ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာ အလိုရှိကြ၏။-
36 ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။-
37 ခမည်းတော်သည်လည်း ငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့သည် မကြား၊ သဏ္ဌာန်တော်ကို မမြင်၊-Ref ၅:၃၇။ မ ၃:၁၇။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။
38 နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။
39 ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။-
40 သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှာ အလိုမရှိကြ၊-
41 လူပေးသောဘုန်းအသရေကို ငါမခံ။-
42 သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။-
43 ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။-
44 အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။-
45 ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သောသူ တစ်ပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။-
46 သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။-
47 သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့အား မိန့်တော်မူ၏။