ရှင်ယာကုပ်ဩဝါဒစာ။
1
ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တစ်ဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
ယုံ​ကြည်​ခြင်း​နှင့်​ဉာဏ်​ပ​ညာ
ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊- ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။- သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ။
သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။- သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။- ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊- ထာဝရဘုရား၏ လက်တော်မှ တစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်။
ဆင်း​ရဲ​ခြင်း​နှင့်​ချမ်း​သာ​ခြင်း
အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။- 10 ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား၊ သူသည် မြက်ပွင့်ကဲ့သို့ ဖောက်ပြန်ခြင်းသဘော ရှိ၏။- 11 နေသည် ပူသောအရှိန်နှင့် ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သောသူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ ရောက်တတ်၏။
စုံ​စမ်း​ခြင်း​နှင့်​သွေး​ဆောင်​ခြင်း
12 စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။- 13 အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။- 14 မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။- 15 တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။- 16 ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။- 17 ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။- 18 နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှာ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဖွားစေတော်မူ၏။
ကြား​နာ​ခြင်း​နှင့်​ကျင့်​သုံး​ခြင်း
19 သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။- 20 လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။- 21 ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။- 22 ကိုယ်ကိုယ်ကိုလှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။- 23 တရားကိုမကျင့်ဘဲ နာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။- 24 အကြောင်းမူကား၊ ကိုယ်ကိုယ်ကိုကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်း မေ့လျော့တတ်၏။- 25 လွှတ်ခြင်းနှင့်စပ်ဆိုင်၍+ ၁း၂၅ "လွှတ်ခြင်းနှင့်စပ်ဆိုင်၍---" " လွတ်လပ်ခြင်းနှင့်ဆိုင်၍" (freedom) စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူ မဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။
26 သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက် ဖြစ်၏။- 27 ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။