တရားသူကြီးမှတ်စာ။
1
အဒေါနိဗေဇက်မင်း
ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊ ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။ ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကိုတိုက်ခြင်းငှာ ငါ့အမွေမြေသို့ ငါနှင့်အတူလိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည်လိုက်သွားလေ၏။ ယုဒချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကိုအပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတစ်ထောင်ကို သတ်လေ၏။ အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့၌တွေ့၍၊ ခါနနိလူ၊ ဖေရဇိလူတို့ကိုသတ်သောအခါ၊ အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ဖမ်းမိပြီးလျှင် လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။ အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါပြုဖူးသည်အတိုင်း၊ ဘုရားသခင်သည် ငါ၌အပြစ်ပေးတော်မူပြီဟု ဆို၏။ ထိုမင်းကို ယေရုရှလင်မြို့သို့ပို့၍ သူသည် ထိုမြို့မှာသေလေ၏။
ယေ​ရု​ရှ​လင်​နှင့်​ဟေ​ဗြုန်​ကိုအောင်ခြင်း
ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကိုတိုက်ယူ၍ ဓားနှင့်လုပ်ကြံပြီးမှ မီးရှို့ကြ၏။ ထိုနောက်တောင်ပေါ်၌လည်းကောင်း၊ တောင်မျက်နှာ၌လည်းကောင်း၊ ချိုင့်ထဲ၌လည်းကောင်းနေသော ခါနနိလူတို့ကို အတိုက်သွားကြ၏။
10 တစ်ဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကိုလုပ်ကြံကြ၏။
ဒေ​ဗိ​ရ​မြို့​ကို​အောင်​ခြင်း
(ယောရှု ၁၅:၁၃-၁၉)
11 တစ်ဖန် ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်၍၊ 12 ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊ 13 ကာလက်ညီကေနတ်၏သား ဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။ 14 ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တစ်ကွက်ကို အဘ၌တောင်းခြင်းငှာ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ်ကဆင်းလေ၏။ အဘကာလက်က၊ အဘယ်အလိုရှိသနည်းဟုမေးလျှင်၊ 15 သမီးက၊ ကောင်းချီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည်အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
ယု​ဒ​နှင့်ဗင်္ယာ​မိန်​အ​နွယ်​တို့​၏အောင်​ပွဲ
16 မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံမြို့မှ အာရဒ်မြို့တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။ 17 တစ်ဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူသွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကိုဟော်မာအမည်ဖြင့် သမုတ်ကြ၏။ 18 ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။ 19 ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကိုနှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထားရှိကြ၏။ 20 မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အားပေးကြ၍၊ သူသည် အာနကသားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။Ref ၁:၂၀။ ယောရှု ၁၅:၁၃-၁၄။ 21 ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။Ref ၁:၂၁။ ယော​ရှု ၁၅:၆၃။ ၂ရာ၊ ၅:၆။ ၅ရာ၊ ၁၁:၄။
ဗေ​သ​လ​မြို့​ကို​အောင်​မြင်​ခြင်း
22 ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ 23 လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှာ စေလွှတ်သော သူလျှိုတို့သည်၊ 24 မြို့ထဲက ထွက်လာသောလူတစ်ယောက်ကို တွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟုဆိုသော်၊ 25 ထိုသူသည် မြို့ထဲသို့ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ဓားနှင့်လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။ 26 ထိုသူသည် ဟိတ္တိပြည်သို့သွားပြီးလျှင်၊ မြို့ကိုတည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
နှင်​ထုတ်​ခြင်း​မ​ခံ​ရ​သူ​များ
27 မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။ 28 တစ်ဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကိုဆက်သွင်းစေကြ၏။Ref ၁:၂၇-၂၈။ ယောရှု ၁၇:၁၁-၁၃။ 29 ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက်နေကြ၏။Ref ၁:၂၉။ ယောရှု ၁၆:၁၀။ 30 ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။ 31 ထိုအတူအာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ 32 အာရှာအမျိုးသားတို့သည် ပြည်သားခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။ 33 ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော၍နေကြ၏။ သို့ရာတွင် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့သည် အခွန်ပေးလျက် နေကြ၏။ 34 အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကိုမပေးကြ။ 35 အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။ 36 အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ်ပေတည်း။