28
ပညာကိုအဘယ်မှာရသနည်း
ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။ သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကိုချက်၍ ကြေးနီကို ရတတ်၏။ လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်လည်းကောင်း မှောင်မိုက်ကျောက်၊ သေမင်းအရိပ်တိုင်အောင်လည်းကောင်း လိုက်၍စစ်တတ်၏။ တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကိုမထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။ မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။ သူ၏ကျောက်တို့သည် ကျောက်နီ နေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။ အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင်သေးသောလမ်းရှိ၏။ ထိုလမ်းကို သားရဲမနင်း၊ ခြင်္သေ့မလျှောက်သေး။ လူသည်ကျောက်ပေါ်မှာ လက်တင်၍၊ တောင်တို့ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။ 10 ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင်တတ်၏။ 11 စီးသောရေကို တစ်ဖန်ဖြတ်၍၊ ဝှက်ထားသောအရာတို့ကို ထုတ်ဖော်တတ်၏။
12 သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည်နည်း။ ဉာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။ 13 ဉာဏ်ပညာအဖိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။ 14 နက်နဲသောအရပ်က ငါ၌မရှိ။ ပင်လယ်ကလည်း၊ ငါ၌မရှိဟု ဆိုတတ်၏။ 15 ရွှေစင်ကိုပေး၍ ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဖိုးကို မမီနိုင်။ 16 ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာကျောက်နှင့် ဝယ်သော်လည်း မရနိုင်။ 17 ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေ မမီနိုင်။ ရွှေစင်တန်ဆာများနှင့် ဖလှယ်၍မရနိုင်။ 18 သန္တာနှင့်ပုလဲကို ပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဖိုးကြီး၏။ 19 ကုရှဥဿဖရားသည် မမီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။
20 သို့ဖြစ်၍၊ ပညာသည် အဘယ်ကလာသနည်း။ ဉာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။ 21 အသက်ရှင်သော သတ္တဝါတစ်စုံတစ်ယောက်မျှ ကြည့်၍မမြင်နိုင်။ မိုးကောင်းကင်ငှက်တို့သည် ရှာ၍မတွေ့နိုင်။ 22 အဗဒ္ဒုန်မင်းနှင့် သေမင်းတို့က၊ ပညာ၏သတင်းကို နားနှင့်ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။ 23 ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။ 24 ပညာနေရာအရပ်ကို သိတော်မူ၏။ 25 လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီးစွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှတို့ကို မြင်တော်မူ၏။ 26 မိုးရွာမှုကိုစီရင်၍၊ မိုးကြိုးလျှပ်စစ်ပြက်ရာလမ်းကို ဖန်ဆင်းသောအခါ၊ 27 ပညာကိုမြင်၍ ဖော်ပြတော်မူ၏။ ပညာတရားကိုထား၍ စုံစမ်းတော်မူ၏။ 28 လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကိုရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။