2
ယောဘ၏ကျမ်းမာရေးကိုတိုက်ခိုက်
1 တစ်ဖန် ဘုရားသခင်၏သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန်ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ သူတို့နှင့်အတူလာ၏။
2 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုပျက်စီးစေခြင်းငှာ သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
4 စာတန်ကလည်း၊ အရေဖို့အရေဟု ဆိုသကဲ့သို့၊ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။
5 ယခုတစ်ဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့်သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
6 ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ရှိ၏။ သူ့အသက်တစ်ခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
7 စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
8 ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
9 ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။
10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟု ဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။
ယောဘ၏မိတ်ဆွေသုံးဦး
11 ထိုအခါ တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတည်းဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သတင်းကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
12 ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကိုမသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှာ၊ မိုးကောင်းကင်သို့ ပစ်တင်ကြ၏။
13 ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာထိုင်၍၊ သူသည် ပြင်းစွာသောဆင်းရဲ ခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲ နေကြ၏။