48
ဣသရေလတို့သစ္စာပျက်ခြင်း
1 အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်းကိုခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရားသခင်ကို ချီးမွမ်းသောသူ၊
2 သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုယ်ကို သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး၏ ဘုရားသခင်ကို မှီခိုသောသူတို့၊ နားထောင်ကြလော့။
3 ဖြစ်ဖူးသောအရာတို့ကို အထက်က သင်တို့အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ချင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။
4 သင်သည် ခိုင်မာသောသဘော၊ သံချောင်းလည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသောကြောင့်၊
5 အထက်က သင့်အားငါဟောပြီ။ အမှုမဖြစ်မီ ငါဖော်ပြပြီ။ သို့ဖြစ်၍ သင်က၊ ငါ၏ရုပ်တုသည် ဤအမှုကိုပြုပြီ။ ငါထုသောရုပ်တု၊ ငါသွန်းသောရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသောအခွင့် မရှိ။
6 သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ကို ကြည့်ရှုလော့။ သူတစ်ပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထားသောအရာ၊ သင်မသိသေးသောအရာတို့ကို ငါဖော်ပြ၏။
7 ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်ကဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည်မကြားစဖူး။ သို့ဖြစ်၍ သင်က၊ ငါသိနှင့်ပြီဟု ပြောရသောအခွင့်မရှိ။
8 အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဖွားစကပင် သင့်ကိုသူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။
9 သို့သော်လည်း၊ သင့်ကို ရှင်းရှင်းမပယ်မဖြတ်ခြင်းငှာ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ်တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ငါသည်းခံမည်။
10 ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့ မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။
11 ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုတ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ်အသရေကို သူတစ်ပါးအား ငါမပေး။
12 အို ယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကားကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။Ref ၄၈:၁၂။ ဟေရှာ ၄၄:၆။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။
13 အကယ်စင်စစ် ငါ့လက်သည် မြေကြီးကိုတည်လေပြီ။ ငါ့လက်ယာလက်သည် မိုးကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ချင်းပေါ်လာကြ၏။
14 ရှိသမျှသောသင်တို့၊ စည်းဝေး၍ နားထောင်ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူသည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရားချစ်တော်မူသောသူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံစေမည်။ သူ၏လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
15 ငါ့ကိုယ်တိုင်အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကိုငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။
16 ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှုဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏။
လူမျိုးတော်အတွက်ထာဝရဘုရား၏ အကြံအစည်
17 သင့်ကို ရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့် ယှဉ်သောအရာကို သွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
18 သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။
19 သင်၏အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ်ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်မစီးရ။
20 ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာသီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကိုလွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနုတ်တော်မူပြီဟု ပြောဆိုကြလော့။Ref ၄၈:၂၀။ ဗျာ ၁၈:၄။
21 သူတို့သည် တောလမ်းဖြင့်ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဖို့ ကျောက်ထဲကရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူသဖြင့်၊ ရေသည် စီးထွက်လေ၏။
22 မတရားသောသူတို့၌ ချမ်းသာမရှိဟု ထာဝရဘုရားမိန့်တော်မူ၏။Ref ၄၈:၂၂။ ဟေရှာ ၅၇:၂၁။