17
ဒမာသက်မြို့နှင့်ဆိုင်သောဗျာဒိတ်
1 ဒမာသက်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏။Ref ၁၇:၁-၃။ ယေ ၄၉:၂၃-၂၇။ အာ၊ ၁:၃-၅။ ဇာ၊ ၉:၁။
2 အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲ အိပ်ကြလိမ့်မည်။
3 ဧဖရိမ်ပြည်၌ မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသောရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
4 ထိုကာလ၌ ယာကုပ်အမျိုး၏ဘုန်းသည် လျော့၍၊ ဆူဝခြင်းလည်း ပိန်ကြုံခြင်းဖြစ်ရလိမ့်မည်။
5 လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများကို လက်နှင့် ရိတ်သကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံတို့ကို သိမ်းရိတ်သကဲ့သို့လည်းကောင်း၊ ထိုအမှုဖြစ်ရလိမ့်မည်။
6 သို့ရာတွင်၊ သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသောအခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်းရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။
7 ထိုကာလ၌ လူသည် မိမိကို ဖန်ဆင်းတော်မူသော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဖူးမျှော်ရလိမ့်မည်။
8 မိမိလက်နှင့် လုပ်သောယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအရာတည်းဟူသော အာရှရပင်တို့ကိုလည်းကောင်း၊ ရုပ်တုတို့ကိုလည်းကောင်း ပမာဏမပြုရ။
9 ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသရေလအမျိုးသားရှေ့မှာစွန့်ပစ်သော သစ်တောအကျန်အကြွင်းနှင့် သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက် ရှိရလိမ့်မည်။
10 သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည်မေ့လျော့၍၊ မိမိခိုလှုံရာကျောက်ကို မိမိမအောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင်တို့နှင့်၊ တစ်ကျွန်းတစ်နိုင်ငံ အညွန့်တို့ကိုစိုက်ပျိုး၍၊
11 ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှာလည်းကောင်း၊ အလျင်အမြန် အပွင့်ပွင့်စေခြင်းငှာလည်းကောင်း ပြုပြီးမှ၊ သိမ်းယူရာကာလ၌ အသီးအနှံသည် ပျက်စီး၍၊ သင်သည် မပျောက်နိုင်သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။
ရန်သူနိုင်ငံများအရေးရှုံးနိမ့်ကြခြင်း
12 သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူများ အလုံးအရင်းတို့၌လည်းကောင်း၊ အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သော လူမျိုးတို့၌လည်းကောင်းအမင်္ဂလာရှိ၏။
13 အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့လည်းကောင်း၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။
14 ညဉ့်ဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မီ ပျောက်ရှကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သောအကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသောသူတို့သည်၊ ထိုသို့သော အမွေဥစ္စာကိုခံရကြလိမ့်မည်။