ဟောရှေအနာဂတ္တိကျမ်း။
1
1 ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင် ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏သား ဟောရှေသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် အစအဦးဟူမူကား၊Ref ၁:၁။ ၄ရာ ၁၄:၂၃-၁၅:၇၊ ၁၅:၃၂-၁၆:၂၀၊ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၆:၁-၂၇:၈၊ ၂၈:၁-၃၂:၃၃။
ဟောရှေ၏မိသားစု
2 သင်သွား၍ ပြည်တန်ဆာမိန်းမနှင့်တကွ သူဖွားမြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်းမူကား၊ ပြည်သားတို့သည် ထာဝရဘုရားကိုစွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူသည်အတိုင်း၊
3 ဟောရှေသည်သွား၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သားယောက်ျားကို ဖွားမြင်လေ၏။
4 ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရေလအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလအသက်ကို သတ်သောအပြစ်ကြောင့်၊ ယေဟုအမျိုးကို ငါသည်ဒဏ်ပေး၍ ဣသရေလအမျိုး၏ နိုင်ငံကို ဆုံးစေမည်။Ref ၁:၄။ ၄ရာ ၁၀:၁၁။
5 ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုးသောနေ့ချင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော်မူ၏။
6 တစ်ဖန် ပဋိသန္ဓေယူ၍ သမီးကိုဖွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက်တစ်ဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။
7 ယုဒအမျိုးကိုကား သနားစုံမက်ဦးမည်။ သို့ရာတွင် လေး၊ ဓား၊ စစ်တိုက်လက်နက်၊ မြင်း၊ မြင်းစီးသူရဲအားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင်ထာဝရဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။
8 လောရုဟာမာကို နို့ခွာသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဖွားမြင်လေ၏။
9 ထိုသားကို လောအမ္မိအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်မဟုတ်။
ဣသရေလနိုင်ငံပြန်လည်ထူထောင်
10 သို့ရာတွင်၊ ဣသရေလအမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာအရပ်၌ပင်လျှင်၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်။Ref ၁:၁၀။ ရော ၉:၂၆။
11 ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလအမျိုးသားတို့သည် စုဝေးပေါင်းဖော်၍ မင်းတစ်ဦးတည်းကို ချီးမြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြလိမ့်မည်။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။