32
ဧသောနှင့် တွေ့ဆုံရန်ပြင်ဆင်ခြင်း
1 ယာကုပ်သည်ခရီးသွားပြန်၍၊ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှာလာကြသည်ကို၊
2 ယာကုပ်မြင်လျှင် ဘုရားသခင်၏တပ်တော်ဖြစ်သည်ဟု ဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ၏။
3 ထိုအခါ ယာကုပ်သည်၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့၊ တမန်တို့ကို မိမိရှေ့မှာစေလွှတ်၍ မှာလိုက်သည်ကား၊
4 ကိုယ်တော်၏ကျွန်ယာကုပ်က၊ ကျွန်တော်သည် လာဗန်ထံမှာတည်းခို၍၊ ယခုတိုင်အောင်နေပါပြီ။
5 ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား မိန်းမများရှိကြပါ၏။ ကျွန်တော်သည် သခင်၏စိတ်တော်နှင့်တွေ့စေခြင်းငှာ၊ လျှောက်ကြားလိုက်ပါသည်ဟု၊ ငါ့သခင်ဧသောကိုလျှောက်ကြဟု မှာလိုက်လေ၏။
6 တမန်တို့လည်း ယာကုပ်ထံသို့ပြန်လာ၍၊ ကျွန်တော်တို့သည်၊ ကိုယ်တော်၏အစ်ကိုဧသောထံသို့ ရောက်ခဲ့ပါပြီ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှာ၊ လူလေးရာနှင့်ချီလာပါသည်ဟု လျှောက်ကြ၏။
7 ထိုအခါယာကုပ်သည်၊ အလွန်ကြောက်၍ စိတ်ပူပန်လျှင်၊ မိမိတွင်ပါသော လူစု၊ သိုးဆိတ်စု၊ နွားစု၊ ကုလားအုတ်များတို့ကို နှစ်စုခွဲ၍ထားလေ၏။
8 အကြောင်းမူကား၊ တစ်စုကို ဧသောတွေ့၍လုပ်ကြံလျှင်၊ ကြွင်းသော တစ်စုလွတ်လိမ့်မည်ဟုဆို၏။
9 တစ်ဖန်ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရားကိုယ်တော်က၊ သင်၏ပြည်၊ သင်၏အမျိုးသားချင်းတို့ထံသို့ ပြန်လော့။ ငါသည်သင်၌ကျေးဇူးပြုမည်ဟု မိန့်တော်မူပါပြီ။
10 ကိုယ်တော်ကျွန်၌ပြတော်မူသော ကရုဏာသစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည်အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲတောင်ဝှေးနှင့်သာကူးပါ၏။ ယခုမူကား၊ အပေါင်းအသင်းနှစ်စုဖြစ်ပါ၏။
11 သို့ဖြစ်၍၊ အကျွန်ုပ်ကိုအစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ သားမယားတို့ကိုလည်းကောင်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။
12 ကိုယ်တော်က၊ ငါသည်သင်၌ အမှန်ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျှောက်လေ၏။Ref ၃၂:၁၂။ က ၂၂:၁၇။
13 ထိုအရပ်၌ တစ်ညပတ်လုံးနေပြီးမှ၊ မိမိလက်ရှိဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာဖို့၊
14 ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊
15 နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုတ်မသုံးဆယ်၊ နွားမလေးဆယ်၊ နွားထီးတစ်ဆယ်၊ မြည်းမနှစ်ဆယ်နှင့် မြည်းကလေးတစ်ဆယ်တို့ကိုယူ၍၊
16 အသီးအသီးတစ်စုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့အပ်ပြီးလျှင်၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား၍၊ တစ်စုနှင့်တစ်စုကို ခရီးကွာစေလော့ဟု၊ ကျွန်တို့အားမှာထားလေ၏။
17 ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏လူဖြစ်သနည်း၊ အဘယ်အရပ်သို့သွားသနည်း။ သင့်ရှေ့မှာရှိသောတိရစ္ဆာန်များကား အဘယ်သူ၏ဥစ္စာဖြစ်သနည်းဟုမေးလျှင်၊
18 ကိုယ်တော်ကျွန်ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ သခင်ဧသောအား ဆက်သလိုက်သော လက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း နောက်မှာရှိပါ၏ဟု၊ လျှောက်ရမည်ဟု မှာထားလေ၏။
19 ထိုနည်းတူ၊ ဒုတိယသူ၊ တတိယသူမှစ၍၊ အစုစုတို့နှင့် လိုက်သောသူအပေါင်းကိုလည်း၊ သင်တို့သည်ဧသောနှင့်တွေ့လျှင်၊ ဤသို့ လျှောက်ရမည်ဟူ၍လည်းကောင်း၊
20 ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍လည်းကောင်း မှာထားလေ၏။ ယာကုပ်က၊ ယခုငါ့ရှေ့တွင် ထွက်သွားသောလက်ဆောင်ဖြင့်၊ သူ၏စိတ်ကိုငါဖြေမည်။ နောက်မှ မျက်နှာချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံလိမ့်မည်ဟု အကြံရှိသတည်း။
21 ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင်ကူးသွား၍၊ သူကိုယ်တိုင် ထိုည၌ လူအစုအဝေးနှင့်အတူ အိပ်၍နေ၏။
22 ညမကုန်မီထ၍ မယားနှစ်ယောက်၊ ကျွန်မနှစ်ယောက်၊ သားတစ်ဆယ်နှင့်တစ်ယောက်တို့ကို ဆောင်ယူ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။
ပေနွေလအရပ်တွင်နပန်းလုံးခြင်း
23 ထိုသို့သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတစ်ဖက်သို့ကူးစေပြီးမှ၊
24 ယာကုပ်သည်တစ်ယောက်တည်းနေရစ်၍၊ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင် သူနှင့်လုံးထွေးလေ၏။Ref ၃၂:၂၄-၂၆။ ဟော ၁၂:၃-၄။
25 ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ်ပေါင်ခြံကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။
26 ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကောင်းချီးမပေးလျှင်၊ မသွားရဟုဆို၏။
27 ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့နည်းဟုမေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။
28 နောင်၌ သင်၏အမည်ကိုယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည်ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း၊ မင်းကဲ့သို့ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။Ref ၃၂:၂၈။ က ၃၅:၁၀။
29 ယာကုပ်ကလည်း၊ နာမတော်ကားအဘယ်သို့နည်း။ အကျွန်ုပ်အား ဖော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ငါ့နာမကိုအဘယ်ကြောင့်မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းချီးပေးတော်မူ၏။Ref ၃၂:၂၉။ သူကြီး ၁၃:၁၇-၁၈။
30 ထိုအရပ်ကိုပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက်ချမ်းသာပြီဟု ဆိုသတည်း။
31 ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။
32 ထိုသို့ယာကုပ်၏ပေါင်ခြံ အကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသောအကြောကြီးကို ယနေ့တိုင်အောင်မစား ရှောင်လေ့ရှိကြ၏။