28
ထိုအခါ ဣဇာက်သည် ယာကုပ်ကိုခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။ အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍သွားလော့။ သင့်ဦးရီးလာဗန်၏သမီးတစ်စုံတစ်ယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းချီးပေး၍တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။ အထက်က အာဗြဟံအားပေးတော်မူ၍၊ သင် ယခုဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အားလည်းကောင်း၊ သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အာဗြဟံ၏ကောင်းချီးမင်္ဂလာကိုပေးတော်မူစေသတည်းဟု ကောင်းချီးပေးလျက် မှာထား၍လွှတ်လိုက်လေ၏။Ref ၂၈:၄။ က ၁၇:၄-၈။ ထိုသို့ယာကုပ်နှင့် ဧသော၏အမိ၊ ရေဗက္က၏မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။
ဧ​သော​နောက်​ထပ်​မ​ယား​ယူ​ခြင်း​
ထိုသို့ ဣဇာက်သည် ယာကုပ်ကိုကောင်းချီးပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှာ လွှတ်လိုက်သောအကြောင်းကိုလည်းကောင်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းချီးပေးသောအခါ မှာထားကြောင်းကိုလည်းကောင်း၊ ယာကုပ်သည်မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့သွားကြောင်းကိုလည်းကောင်း၊ ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကိုလည်း​ကောင်း၊ ဧသောသိမြင်လျှင်၊ ဣရှမေလထံသို့သွား၍ အထက်မယားတို့မှတစ်ပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တစ်ဖန်အိမ်ထောင်ဘက်ပြုပြန်လေ၏။
ဗေ​သ​လ​အ​ရပ်​၌​ယာ​ကုပ်​၏​အိပ်​မက်​
10 ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊ 11 တစ်စုံတစ်ခုသောအရပ်သို့ရောက်၍၊ မိုးချုပ်သောကြောင့်၊ ညကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဖို့ထားပြီးလျှင် အိပ်လေ၏။ 12 မြင်ရသောအိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုးကောင်းကင်တိုင်အောင်မီ၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည်၊ ထိုလှေကားဖြင့် ဆင်းလျက်တက်လျက်ရှိကြ၏။Ref ၂၈:၁၂။ ယော ၁:၅၁။ 13 ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံဘုရား၊ ဣဇာက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့် သင်၏ အမျိုးအနွယ်အားငါပေးမည်။Ref ၂၈:၁၃။ က ၁၃:၁၄-၁၅။ 14 သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံကြရလိမ့်မည်။Ref ၂၈:၁၄။ က ၁၂:၃၊ ၂၂:၁၈။ 15 ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့တစ်ဖန် ဆောင်ခဲ့ဦးမည်။ ကတိထားသည်အတိုင်းမပြည့်စုံမီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။ 16 ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျှင်၊ အကယ်စင်စစ်ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကိုငါမသိ။ 17 ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက်ဖွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ဘုံဗိမာန်၊ ကောင်းကင်တံခါးဝဖြစ်သည်တကားဟု၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ ဆို၏။
18 နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသော ကျောက်ကိုယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။ 19 ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့်မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။ 20 ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက်၌ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူလျှင်လည်းကောင်း၊ 21 ငါသည် တစ်ဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာပြန်ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရားဖြစ်တော်မူလျှင်လည်းကောင်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ဗိမာန်ဖြစ်ရမည်။ 22 ပေးသနားတော်မူသမျှတို့ကို ဆယ်ဖို့တစ်ဖို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။