25
အာ​ဗြ​ဟံ​၏အ​ခြား​အ​ဆက်​အ​နွယ်​များ
(၅ရာ ၁:၃၂-၃၃)
တစ်ဖန်အာဗြဟံသည်၊ ကေတုရအမည်ရှိသောမိန်းမနှင့်စုံဖက်၍၊ ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဖွားမြင်လေ၏။ ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ်လူတည်း။ မိဒျန်သားကား၊ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ်ဖြစ်ကြသတည်း။
အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အားပေးလေ၏။ မယားငယ်တို့၌ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလာဘ်များကိုဝေပေး၍၊ သားဣဇာက်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
ထိုနောက် အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက်ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တစ်ရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊ အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင်တွင်၊ မပ္ပေလမြေတွင်း၌ အဘကိုသင်္ဂြိုဟ်ကြ၏။ 10 ဟေသအမျိုးသားတို့အား အဖိုးပေး၍ အာဗြဟံဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။Ref ၂၅:၁၀။ က ၂၃:၃-၁၆။
ဣ​ရှ​မေလ​၏​အ​ဆက်​အ​နွယ်​များ​
(၅ရာ ၁:၂၈-၃၁)
11 အာဗြဟံသေသောနောက်၊ သားဣဇာက်ကို ဘုရားသခင် ကောင်းချီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာနေသတည်း။ 12 စာရာ၏ကျွန်မ၊ အဲဂုတ္တုအမျိုးသားဟာဂရဖွားမြင်သော အာဗြဟံသား ဣရှမေလ၏သားစဉ်မြေးဆက်တည်းဟူသော၊ 13 မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက်ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ 14-15 မိရှမ၊ ဒုမာ၊ မာစ၊ - ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာတည်းဟူသော၊ 16 ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသောသူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသောမင်းဆယ်နှစ်ပါးဖြစ်သတည်း။ 17 ဣရှမေလသည် အသက်တစ်ရာသုံးဆယ်ခုနစ်နှစ်ရှိသော်၊ အသက်ချုပ်၍သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏။ 18 သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း၊ ဟဝိလမြို့မှစ၍၊ အဲဂုတ္တုပြည်အရှေ့၊ ရှုရမြို့တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏နေရာသည်၊ မိမိညီအစ်ကိုအပေါင်းအနား၌ ကျသတည်း။
ဧ​သော​နှင့်​ယာ​ကုပ်​ဖွား​မြင်​ခြင်း​
19 အာဗြဟံသားဣဇာက်၏အဆက်အနွယ်ဟူမူကား၊ အာဗြဟံသားကား ဣဇာက်တည်း။ 20 ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူလာဗန်၏နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။ 21 ဣဇာက်သည်၊ မိမိမယားရေဗက္ကမြုံသောကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရားနားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။ 22 ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်းတိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှာသွားလေ၏။ 23 ထာဝရဘုရားကလည်း၊ သင်၏ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသောလူစုနှစ်စုကို ဖွားရလိမ့်မည်။ လူတစ်မျိုးသည် တစ်မျိုးထက်အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။Ref ၂၅:၂၃။ ရော ၉:၁၂။ 24 ဖွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာရှိသဖြင့်၊ 25 အဦးဖွားသောသားသည်၊ အမွေးပါသောအဝတ်ကဲ့သို့ဖြစ်၍၊ တစ်ကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသောဟူသောအမည်ဖြင့် မှည့်ကြ၏။ 26 ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ဖနှောင့်ကိုကိုင်လျက် ဖွားလာ၏။ သူ့ကိုကား၊ ယာကုပ်အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဖွားသောအခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။
​သား​ဦး​အ​ရာ​ကို​ရောင်း​ခြင်း​
27 သူငယ်တို့သည်ကြီးပွား၍၊ ဧသောကား လိမ္မာသောတောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကား တဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။ 28 ဣဇာက်သည်၊ ဧသောပေးသောအမဲသားကိုစားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကိုချစ်၏။
29 တစ်နေ့သ၌၊ ယာကုပ်သည် စားစရာကို ချက်ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသောကြောင့်၊ 30 ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကိုကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကိုဧဒုံဟုတွင်သတည်း။ 31 ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦးအရာကို၊ ငါ့အားရောင်းပါဟုဆိုလျှင်၊ 32 ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုးရှိပါလိမ့်မည်နည်းဟုဆို၏။ 33 ယာကုပ်ကလည်း၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်းကိုပြုပါဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကိုရောင်းလေ၏။Ref ၂၅:၃၃။ ဟေဗြဲ ၁၂:၁၆။ 34 ထိုအခါ ယာကုပ်သည်၊ မုန့်နှင့် ပဲဟင်းကို ဧသောအားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။