23
စာရာအတွက်သင်္ချိုင်းမြေဝယ်ခြင်း
1 စာရာသည် အသက်တစ်ရာနှစ်ဆယ်ခုနစ်နှစ်ရှိ၏။ ထိုမျှလောက်အသက်ကြီးသော်၊
2 ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယသာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာလာ၏။
3 အာဗြဟံသည် မိမိမယားအလောင်းရှေ့ကထ၍၊ ဟေသအမျိုးသားတို့အား၊
4 ငါသည် သင်တို့ထံမှာဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အားအခွင့်ပေးပါလော့ဟု ဆို၏။Ref ၂၃:၄။ ဟေဗြဲ ၁၁:၉၊ ၁၃။ တ၊ ၇:၁၆။
5 ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နားထောင်ပါ။
6 ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများတွင်ရွေး၍၊ ကိုယ်တော်၏မယားအလောင်းကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအလောင်းကို မသင်္ဂြိုဟ်စေခြင်းငှာ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိသင်္ချိုင်းကိုမပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ၏။
7 အာဗြဟံသည်ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
8 ငါသည် ငါ၏မယားအလောင်းကို မျက်ကွယ်မြှုပ်စေခြင်းငှာ သင်တို့အလိုရှိလျှင်၊ ငါ့စကားကို နားထောင်ကြပါလော့။
9 သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှာ၊ ဇောဟာသားဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ရှိသော မပ္ပေလမြေတွင်းကို၊ အဖိုးထိုက်သမျှငွေနှင့် ငါ့အားရောင်းစေခြင်းငှာ၊ ငါ့အတွက်သူ့ကိုတောင်းပန်ကြပါလော့ဟု နှုတ်ဆက်၍ပြောဆို၏။
10 ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ဝင်သောသူအပေါင်းတည်းဟူသော ဟေသအမျိုးသားပရိသတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။
11 အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင်ပါ။ ထိုလယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းကိုလည်းကောင်း၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်အမျိုးသားများရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏မယားအလောင်းကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
12 အာဗြဟံသည်လည်း၊ ထိုပြည်သားများရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကိုနားထောင်ပါ။
13 ထိုလယ်ပြင်အဖိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအလောင်းကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သားပရိသတ်တို့ရှေ့မှာ၊ ဧဖရုန်အားပြောဆို၏။
14 ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။
15 ထိုမြေသည် ငွေလေးပိဿာအဖိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယားအလောင်းကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။
16 အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သောငွေမျိုး၊ ဟေသအမျိုးသားပရိသတ်ရှေ့၊ ဧဖရုန်အဖိုးဖြတ်သည်အတိုင်း၊ ငွေလေးပိဿာကိုချိန်၍၊ သူ့အားပေးလေ၏။
17 ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသောဧဖရုန်၏လယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းနှင့် သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကိုလည်းကောင်း၊
18 ဟေသအမျိုးသားပရိသတ်၌၊ မြို့တံခါးသို့ဝင်သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဖို့ လုံခြုံစွာအပ်ပေးလေ၏။
19 ထိုနောက်မှအာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ်ဖြစ်သတည်း။
20 ထိုလယ်ပြင်နှင့် မြေတွင်းကို၊ အာဗြဟံပိုင်ထိုက်သော သင်္ချိုင်းဖြစ်စေခြင်းငှာ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာအပ်ပေးကြ၏။