2
1 ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
2 သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
3 ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
ဧဒင်ဥယျာဉ်
4 ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့် မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။
5 မြေ၌ လယ်ယာပျိုးပင်မပေါက်မီ၊ လယ်ယာ၌စပါးပင်မကြီးပွားမီ၊ အပင်ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုးကိုရွာစေတော်မမူသေး။ မြေ၌လုပ်သောလူလည်း မရှိသေးသည်ဖြစ်၍၊
6 မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတစ်ပြင်လုံးကို စိုစေလေ၏။
7 ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
8 ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။
9 ထိုမြေထဲက အဆင်းလှ၍၊ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင်လည်းရှိ၏။
10 ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တစ်မြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။
11 ပထမမြစ်ကား ဖိရှုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တစ်လျှောက်လုံးကို စီးသွားလေ၏။
12 ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။
13 ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နားတစ်လျှောက်လုံးကို စီးသွားလေ၏။
14 တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။
15 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှာ ထားတော်မူ၏။
16 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။
17 ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
18 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
19 ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကိုသိခြင်းငှာ၊ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။
20 ထိုသို့လူသည် သားယဉ်အပေါင်းတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက် အပေါင်းတို့ကိုလည်းကောင်း၊ သားရဲအပေါင်းတို့ကိုလည်းကောင်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သောအထောက်အမ မပေါ်မရှိသေး။
21 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတစ်ချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။
22 ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။
23 လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
24 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။
25 ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။