19
သော​ဒုံ​မြို့​၏​အ​ပြစ်​ဒု​စ​ရိုက်
ကောင်းကင်တမန်နှစ်ပါးတို့သည် ညဉ့်ဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှာထ၍ မြေ၌ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ကျွန်၏အိမ်သို့ဝင်၍ တစ်ညလုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တစ်ညလုံးလမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့် တစ်ဖန်လောတနေရာသို့လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဖို့ပွဲလုပ်၍ တဆေးမပါသောမုန့်ကိုပေါင်းပြီးမှ သူတို့သည်စားကြ၏။
ထိုသူတို့သည်မအိပ်မီ၊ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကိုဝိုင်း၍၊ လောတကိုဟစ်ခေါ်လျက်၊ ယနေ့ညမှာ သင့်အိမ်သို့ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။
လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ထွက်၍၊ မိမိနောက်၌ တံခါးကိုပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက်မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့်မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကိုခိုနေပါ၏ဟု တောင်းပန်သော်လည်း၊Ref ၁၉:၅-၈။ သူကြီး ၁၉:၂၂-၂၄။ သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တစ်ဖန်ကား၊ သင်သည်တည်းခိုခြင်းငှာသာရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကိုကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှာ ချဉ်းလာကြ၏။ 10 ထိုအခါကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်ကြ၏။ 11 အိမ်တံခါးနားမှာရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။Ref ၁၉:၁၁။ ၄ရာ ၆:၁၈။
သော​ဒုံ​နှင့်​ဂေါ​မော​ရ​ဖျက်ဆီးခံရခြင်း
12 ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်ကထုတ်ဆောင်လော့။ 13 ဤအရပ်ကို ငါတို့သည်ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရားရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှာ ထာဝရဘုရားသည် ငါတို့ကိုစေလွှတ်တော်မူပြီဟု လောတအားပြောဆိုကြ၏။ 14 လောတထွက်၍ သမီးနှင့်စုံဖက်သောသူ၊ မိမိသမက်တို့အား ထကြ၊ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီစားဟန်ရှိသည်ဟု သမက်တို့ထင်ကြ၏။
15 မိုးသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ ဆုံးခြင်းသို့ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊ 16 သူသည်ဖင့်နွှဲသောအခါ ထာဝရဘုရားသနားတော်မူသောကြောင့် ကောင်းကင်တမန်တို့သည် သူနှင့် သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။Ref ၁၉:၁၆။ ၂ပေ ၂:၇။
17 ပြင်သို့ရောက်သောအခါ၊ သင်သည်အသက်ချမ်းသာရခြင်းငှာ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။ 18 လောတကလည်း၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်။ 19 ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစ်စုံ တစ်ခုတွေ့၍သေမည်ကို စိုးရိမ်ပါ၏။ 20 ကြည့်ပါ။ ထိုမြို့နီးပါ၏။ ပြေးသာပါ၏။ ငယ်သောမြို့လည်းဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့မဟုတ်လော။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။ 21 ထိုသူကလည်း၊ ကြည့်ပါ။ ဤအမူအရာ၌လည်း သင်၏စကားကို ငါနားထောင်စေခြင်းငှာ ထိုမြို့အတွက်တောင်းပန်သောကြောင့် ငါမဖျက်ဆီး။ 22 ဘေးလွတ်ခြင်းငှာ ထိုမြို့သို့အလျင်အမြန်ပြေးလော့။ ထိုမြို့သို့မရောက်မီ ငါသည်အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟုသမုတ်ကြ၏။​
23 လောတသည် ဇောရမြို့သို့ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။ 24 ထိုအခါ ထာဝရဘုရားသည်ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုးကို ရွာစေတော်မူ၏။ 25 ထိုမြို့တို့ကိုလည်းကောင်း၊ ချိုင့်အရပ်တစ်လျှောက်လုံးကိုလည်းကောင်း၊ မြို့သားအပေါင်းတို့ကိုလည်းကောင်း မြေ၌ပေါက်သမျှကိုလည်းကောင်း၊ မှောက်လှဲတော်မူ၏။Ref ၁၉:၂၄-၂၅။ မ ၁၀:၁၅၊ ၁၁:၂၃-၂၄။ လု၊ ၁၀:၁၂၊ ၁၇:၂၉။ ၂ပေ၊ ၂:၆။ ယု၊ ၇။ 26 လောတ၏မယားမူကား နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။Ref ၁၉:၂၆။ လု ၁၇:၃၂။
27 နံနက်စောစော အာဗြဟံသည်ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့သွားပြီးလျှင်၊ 28 သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တစ်လျှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌အခိုးကဲ့သို့၊ တစ်ပြည်လုံးအခိုးတက်သည်ကို မြင်လေ၏။ 29 ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာရှိသောမြို့တို့ကို ဖျက်ဆီးသောအခါ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသောမြို့တို့ကို မှောက်လှဲသောအခါ မှောက်လှဲရာထဲက လောတကို လွှတ်လိုက်တော်မူ၏။
မော​ဘ​နှင့်အမ္မုန်အမျိုးအနွယ်
30 လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမင်၌နေ၏။ 31 သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသားအပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ဝင်ရသော ယောက်ျားတစ်ယောက်မျှ မြေပေါ်မှာမရှိ။ 32 လာကြ။ ငါတို့အဘကို စပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏အမျိုးအနွယ်ကို စောင့်မ၍ သူနှင့်အိပ်ကြစို့ဟု ညီမကိုပြောဆို၏။ 33 ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ သမီးအကြီးသည်ဝင်၍ အဘနှင့်အိပ်လေ၏။ သူအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း အဘမသိ။ 34 နက်ဖြန်နေ့တွင် အကြီးကလည်း၊ မနေ့ညမှာ ငါသည် အဘနှင့်အိပ်လေပြီ။ ယနေ့ညတစ်ဖန်သူ့ကို စပျစ်ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှာ၊ သူနှင့်အိပ်လော့ဟု ညီမကိုပြောဆို၏။ 35 ထိုနေ့ည၌လည်း သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍ အဘနှင့် အိပ်လေ၏။ အိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း အဘမသိ။ 36 ထိုသို့လောတ၏သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။ 37 သမီးအကြီးသည်သားကိုဖွား၍ မောဘအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဘဖြစ်သတည်း။ 38 သမီးအငယ်သည်လည်း သားကိုဖွား၍ ဗေနမ္မိအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော အမ္မုန်အမျိုးသားတို့၏အဘဖြစ်သတည်း။