27
ယဇ်ပလ္လင်
(ထွ ၃၈:၁-၇)
1 တစ်နည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့် လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။
2 ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့်မွမ်းမံရမည်။
3 ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်ရမည်။
4 ကြေးဝါဆန်ခါကိုလည်းကောင်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကိုလည်းကောင်း လုပ်ပြီးလျှင်၊
5 ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ထားရမည်။
6 ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းပိုးတို့ကိုလုပ်၍ ကြေးဝါနှင့်မွမ်းမံပြီးမှ၊
7 ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားရမည်။
8 တောင်ပေါ်မှာ သင့်အားပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့်လုပ်ရမည်။
တဲတော်ဝင်းအကာအရံ
(ထွ ၃၈:၉-၂၀)
9 တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တစ်ရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကိုလုပ်ရမည်။
10 ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေရမည်။
11 ထိုနည်းတူ၊ မြောက်ဘက်၌ကာရန် အလျားအတောင်တစ်ရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။
12 ဝင်းအနောက်ဘက်အနံ၌ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တစ်ဆယ်၊ ခြေစွပ်တစ်ဆယ်ရှိရမည်။
13 ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။
14 တံခါးဝတစ်ဖက်တစ်ချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊
15 ခြေစွပ်သုံးခုရှိရမည်။
16 ဝင်းတံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။
17 ဝင်းပတ်လည်၌တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။
18 ဝင်းသည် အလျားအတောင်တစ်ရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့် ကြေးဝါခြေစွပ်ဖြင့်ပြီးရမည်။
19 အမှုတော်ထမ်းဖို့ တဲတော်အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကိုလည်းကောင်း ကြေးဝါနှင့်လုပ်ရမည်။
မီးခုံဆိုင်ရာပညတ်ချက်
(ဝတ် ၂၄:၁-၄)
20 ပရိသတ်စည်းဝေးရာတဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကိုကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ်မီးထွန်းစရာဖို့၊ သံလွင်သီးကို ထောင်း၍ယူသောသံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။
21 အာရုန်နှင့် သူ၏သားတို့သည်၊ ညဉ့်ဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။