ဧသတာဝတ္ထု။
1
မိဖုရားဝါရှတိအာခံခြင်း
1 အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင်အာရွှေရုသည်၊Ref ၁:၁။ ဧဇ ၄:၆။
2 ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင်၊
3 ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဖို့ ပွဲလုပ်တော်မူ၏။
4 ထိုအခါ နိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော်တော်ကို အရက်တစ်ရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။
5 ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန်နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့အဖို့ နန်းတော်အနား ဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက်ပတ်လုံး ပွဲခံတော်မူ၏။
6 ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်းသော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလားကာ အဖြူအစိမ်းအပြာ တို့နှင့်လည်းကောင်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့ အပေါ်မှာထားသော ရွှေငွေ အနေအထိုင်တို့နှင့်လည်းကောင်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
7 ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသောရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ၏။
8 စပျစ်ရည် သောက်ခြင်းအမှုသည် တရားအတိုင်း ဖြစ်၏။ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလိုအလျောက် ပြုကြမည်အကြောင်း၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏။
9 မိဖုရားဝါရှတိသည်လည်း၊ ရှင်ဘုရင်အာရွှေရု နန်းတော်သား မိန်းမတို့အဖို့ ပွဲလုပ်လေ၏။
10 မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊
11 ခုနစ်ရက်မြောက်သောနေ့၌ ရှင်ဘုရင်သည် စပျစ်ရည်သောက်၍ ရွှင်လန်းသောစိတ်ရှိသောအခါ၊ မိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့်လူများတို့အား ပြလိုသောငှာ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက်တို့ကို မိန့်တော်မူ၏။
12 သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို၊ မိဖုရားသည် ငြင်းဆန်၍ မလာဘဲနေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍၊ ဒေါသမီးလောင်လျက် နေတော်မူ၏။
13 ထိုအခါ ကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှိရှ၊
14 မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍၊ နိုင်ငံတော်တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင်ရာလမ်းကို လေ့ကျက်သောသူ အပေါင်းတို့နှင့် ရှင်ဘုရင်တိုင်ပင်သော ထုံးစံရှိသည်အတိုင်း၊ အကျိုးအကြောင်းကို နားလည်သော ထိုပညာရှိတို့ကိုခေါ်၍၊
15 မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင်အာရွှေရု အမိန့်တော်ကို၊ မိဖုရားဝါရှတိသည် နားမထောင်သောကြောင့်၊ ဓမ္မသတ်အတိုင်း သူ၌ အဘယ်သို့ စီရင်ရမည်နည်းဟု မေးတော်မူလျှင်၊
16 မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီးကိုသာ ပြစ်မှားသည် မဟုတ်ပါ။ အရှင်မင်းကြီးအာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ။
17 ရှင်ဘုရင်အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ်၍၊ မိဖုရားမလာဟု အနှံ့အပြား ပြောကြသဖြင့်၊ မိဖုရားပြုသော ဤအမှုကို ခပ်သိမ်းသောမိန်းမတို့သည် ကြား၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။
18 မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်း ရှိပါလိမ့်မည်။
19 ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တစ်ဖန် မဝင်စေခြင်းငှာ အလိုတော်ရှိလျှင် မဝင်စေနှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော်ရှိစေခြင်းငှာ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေတော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။
20 သို့ပြုလျှင် ရှင်ဘုရင်ပေးတော်မူသော အမိန့်တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တစ်လျှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
21 ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင်ပြုလျက်၊
22 လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန်၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက်တော်မူ၏။