5
အလင်းတွင်အသက်ရှင်ခြင်း
1 ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူ ကျင့်ကြလော့။-
2 ခရစ်တော်သည် ငါတို့ကို+ ၅း၂ "ခရစ်တော်သည် ငါတို့ကို---" အချို့ "----သင်တို့ကို---" ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ကိုယ်ကိုယ်ကိုဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။
3 မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။-
4 မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ရယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။-
5 မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။-
6 လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။-
7 ထိုကြောင့် သူတို့နှင့် ဆက်ဆံ၍ မကျင့်ကြနှင့်။-
8 အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။-
9 အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ်သတည်း။-
10 သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။-
11 အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။-
12 အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသောအမှုအရာတို့ကို စကားပြောကာမျှ၌ ညစ်ညူးခြင်း ပါသေး၏။-
13 အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ်၏။-
14 ထိုကြောင့် အိပ်ပျော်သူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။
15 ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။-
16 ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။-
17 ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။-
18 လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။-
19 ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဖတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။-
20 ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။
ခင်ပွန်းနှင့်ဇနီး
21 ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကို နှိမ့်ချလျက် နေကြလော့။-
22 အချင်းမိန်မတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။-
23 အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။-
24 အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။-
25 အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။-
26 ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊-
27 အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလို့ငှာ ကိုယ်ကိုယ်ကိုစွန့်တော်မူ၏။-
28 ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။-
29 ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။-
30 အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏ အသားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။-+ ၅း၃၀ "သခင်ဘုရား၏အသားတော်၊ ----အင်္ဂါဖြစ်ကြ၏။" အချို့ "သခင်ဘုရား၏ကိုယ်အင်္ဂါများဖြစ်ကြ၏
31 ထိုအကြောင်း အကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။-
32 ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ဆိုသတည်း။-
33 သို့ရာတွင် သင်တို့သည် အသီးအသီး ကိုယ်ကိုယ်ကို ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။