6
ရုပ်တုကိုးကွယ်မှုကိုရှုတ်ချခြင်း
1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 အချင်းလူသား၊ သင်သည် ဣသရေလတောင်တို့ကို မျက်နှာပြု၍၊ သူတို့တစ်ဖက်၌ ပရောဖက်ပြုလော့။
3 အို ဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်သင်တို့အပေါ်သို့ ဓားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။
4 သင်တို့ ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။
5 ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကိုချထား၍၊ ယဇ်ပလ္လင်တို့ပတ်လည်၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည်။
6 သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင်တို့သည် သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တုဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကိုခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက်လျက် ရှိကြလိမ့်မည်။
7 သင်တို့အလယ်၌ သူရဲတို့သည် လဲ၍သေကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
8 သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ဓားနှင့် လွတ်သောသူအချို့ရှိစေခြင်းငှာ အကျန်အကြွင်းကို ငါထားမည်။
9 ငါ့ကိုစွန့်ပစ်၍ မှားယွင်းတတ်သော နှလုံးကိုလည်းကောင်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့် လိုက်၍ကြည့်သော မျက်စိတို့ကိုလည်းကောင်း ငါပယ်ဖျက်သောအခါ၊ လွတ်သောသူတို့သည် သိမ်းသွားခြင်းကိုခံရာ အပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ကိုယ်ကိုယ်ကို ရွံရှာကြလိမ့်မည်။
10 ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ်ကြောင်းကို သိရကြလိမ့်မည်။
11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးပြုမိသမျှသော ရွံရှာဖွယ်အမှုဆိုးတို့ကြောင့်၊ အမင်္ဂလာ ရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူကား၊ သူတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေးတို့ဖြင့်လဲ၍ သေကြလိမ့်မည်။
12 ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ဓားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှလွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်းဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံလိမ့်မည်။
13 ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ်၊ စိမ်းသောသစ်ပင်၊ အရိပ်ကောင်းသော သပိတ်ပင်ရှိသမျှတို့ အောက်၌၊ ရုပ်တုဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
14 သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့ နေလေရာရာပြည်ကို သာ၍ လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ ဖြစ်စေသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။