44
အရှေ့အရပ်ပြင်တံခါး
1 ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာပြုသော ပြင်တံခါးသို့ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။
2 ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။
3 မင်းသားအဖို့ဖြစ်၏။ မင်းသားသည် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ ထိုတံခါးဝမှာ ထိုင်ရလိမ့်မည်။ မင်းသားသည် ထိုတံခါးမုခ်ဖြင့် ထွက်ဝင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
ဗိမာန်တော်သို့ဝင်ရောက်ခွင့်
4 ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည်ပျပ်ဝပ်လျက်နေ၏။
5 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဖို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင်လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။
6 ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့အား အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုးသားတို့၊
7 သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်းငှာ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံသောကိုယ်ရှိသော တစ်ပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်းရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများကိုပြုမိသည်ဖြစ်၍၊ ရောင့်ရဲသောစိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဖွယ်သောအမှုများအားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။
8 ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။
9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသောကိုယ်ရှိသော တစ်ပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။
ယဇ်ပုရောဟိတ်များအဖြစ်မှအပယ်ခံရသော လေဝိအနွယ်ဝင်များ
10 ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွားသောအခါ၊ ငါ့ထံမှထွက်၍ လမ်းလွှဲသော လေဝိသားတို့သည်လည်း ကိုယ်အပြစ်ကိုခံရကြမည်။
11 သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သောအမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက် နေရကြမည်။ မီးရှို့ရာယဇ်နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကိုသတ်၍၊ လူများကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။
12 သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့်၊ ဣသရေလအမျိုးထိမိ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်း ဖြစ်ဖူးသောကြောင့်၊ သူတို့တစ်ဘက်၌ ငါကျိန်ဆို၍၊ သူတို့သည် ကိုယ်အပြစ်ကိုခံရကြမည်။
13 ယဇ်ပုရောဟိတ်လုပ်၍ ငါ့ထံသို့မချဉ်းကပ်ရကြ။ အလွန်သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်း၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ခံရကြမည်။
14 အိမ်တော်ကိုစောင့်၍၊ အိမ်တော်၌ ခပ်သိမ်းသောအမှုတို့ကို ဆောင်ရွက်စေခြင်းငှာ ငါခန့်ထားမည်။
လေဝိအမျိုး
15 ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေသော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရောဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှာ ငါ့ထံသို့ ချဉ်းကပ်ရကြမည်။ ငါ့အား ဆီဥနှင့်အသွေးကိုပူဇော်ခြင်းငှာ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
16 ထိုသူတို့သည် ငါ၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ ငါ့အမှုကိုဆောင်ခြင်းငှာ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ်၍ ငါ့အမှုစောင့်ဖြစ်ရကြမည်။
17 သူတို့သည် အတွင်းတံတိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်းတံတိုင်း တံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။Ref ၄၄:၁၇-၁၈။ ထွ ၂၈:၃၉-၄၃။ ဝတ်၊ ၁၆:၄။
18 ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း၍၊ ခါး၌ ပိတ်ဘောင်းဘီကို ဝတ်ရကြမည်။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ။
19 လူများရှိရာ ပြင်တံတိုင်းသို့ ထွက်သွားသောအခါ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်၊ အခြားသောအဝတ်ကို ဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ။Ref ၄၄:၁၉။ ဝတ် ၁၆:၂၃။
20 မိမိတို့ဆံပင်ကိုလည်း မရိတ်ရ၊ မရှည်စေခြင်းငှာ ဖြတ်ရမည်။Ref ၄၄:၂၀။ ဝတ် ၂၁:၅။
21 ယဇ်ပုရောဟိတ်သည် အတွင်းတံတိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကို မသောက်ရ။Ref ၄၄:၂၁။ ဝတ် ၁၀:၉။
22 မုဆိုးမနှင့် မစုံဖက်ရ။ လင်ကွာသောမိန်းမနှင့် မစုံဖက်ရ။ ဣသရေလအမျိုး အပျိုကညာနှင့် သော်လည်းကောင်း၊ ယဇ်ပုရောဟိတ်၏ မယားဖြစ်ဖူးသော မုဆိုးမနှင့်သော်လည်းကောင်း စုံဖက်ရမည်။Ref ၄၄:၂၂။ ဝတ် ၂၁:၇၊ ၁၃-၁၄။
23 ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်းသော အရာတို့ကိုလည်းကောင်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကိုလည်းကောင်း ပိုင်းခြား၍သိစေခြင်းငှာ သွန်သင်ရကြမည်။Ref ၄၄:၂၃။ ဝတ် ၁၀:၁၀။
24 တရားတွေ့မှုကို စီရင်လျှင်၊ ငါ၏ဓမ္မသတ်အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကိုလည်းကောင်း၊ ငါ၏ဥပုသ်နေ့တို့ကိုလည်းကောင်း စောင့်ရှောက်ရကြမည်။
25 အသေကောင်ကိုချဉ်း၍ ကိုယ်ကို မညစ်ညူးစေရ။ သို့ရာတွင်၊ ကိုယ်မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ၏။Ref ၄၄:၂၅။ ဝတ် ၂၁:၁-၄။
26 သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည်။
27 သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှာ အတွင်းတံတိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
28 ထိုအရာသည် ယဇ်ပုရောဟိတ်တို့၏အမွေဥစ္စာဖြစ်ရမည်။ ငါသည် သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလပြည်၌ သူတို့အား အမွေမြေကို မပေးရ။ ငါသည် သူတို့၏အမွေမြေဖြစ်၏။ Ref ၄၄:၂၈။ တော ၁၈:၂၀။
29 ပူဇော်သောမုန့်ညက်နှင့် အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုးသား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။Ref ၄၄:၂၉-၃၀။ တော ၁၈:၈-၁၉။
30 အဦးသီးသော အသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက်ရောက်စေခြင်းငှာ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌လှူရမည်။
31 ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။Ref ၄၄:၃၁။ ဝတ် ၂၂:၈။