21
ထာ​ဝ​ရ​ဘု​ရား​၏​ဓား​တော်​
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ယေရုရှလင်မြို့ကိုမျက်နှာပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တစ်ဖက်၌ မြွက်ဆို၍ ဣသရေလပြည်တစ်ဖက်၌ ဟောပြောလော့။ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလပြည်အားဆင့်ဆိုရမည်မှာ၊ ငါသည် သင့်ကိုရန်ဘက်ပြုလျက်၊ ငါ့ဓားကိုဓားအိမ်မှထုတ်၍၊ သင်၌တရားသောသူ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည်။ ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်း ရှိသောကြောင့်၊ ငါ့ဓားသည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။ ငါထာဝရဘုရားသည် ငါ့ဓားကို သူ့အိမ်မှထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုဓားသည် နောက်တစ်ဖန် အိမ်သို့ မပြန်ရ။ သို့ဖြစ်၍၊ အချင်းလူသား၊ ညည်းတွားသံကို ပြုလော့။ ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။ သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွားသနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူအပေါင်းတို့သည် ကြောက်အားကြီး၍ လက်အားလျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။ အမှုလာ၍ ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ဓားတော်ကို ထက်စွာ သွေးလေပြီ။ ပြောင်လက်စွာ ပွတ်လေပြီ။ 10 ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှာ သွေးလေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှာလည်း ပွတ်လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုဓားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။ 11 သုံးစရာဖို့ ပွတ်စေခြင်းငှာ အပ်ထားပြီ။ လုပ်ကြံသောသူ၌အပ်ခြင်းငှာ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။ 12 အချင်းလူသား၊ ငိုကြွေးအော်ဟစ်လော့။ အကြောင်းမူကား၊ ငါ၏လူတို့၌ ရောက်လိမ့်မည်။ ဣသရေလမင်းသား အပေါင်းတို့၌လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွ ငါ၏လူတို့ကို ဓား၌အပ်လေ၏။ ထိုကြောင့်၊ သင်၏ပေါင်ကို ရိုက်လော့။ 13 စုံစမ်းခြင်းအမှုဖြစ်၏။ ဓားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 14 သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍လက်ခုပ်တီးလော့။ ဓားတော်သည် နှစ်ခေါက်၊ သုံးခေါက်ရောက်ရ၏။ သူရဲဓား၊ အားကြီးသော သူရဲဓားဖြစ်၏။ သူတို့ကိုဝန်းရံသောဓားဖြစ်၏။ 15 သူတို့စိတ်ပျက်၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှာ၊ ဓားဘေးကို မြို့တံခါးရှိသမျှတို့၌ ငါရောက်စေပြီ။ ဓားပြောင်လျက်ရှိ၏။ လုပ်ကြံစရာဖို့ ပွတ်ထားလျက်ရှိ၏။ 16 ​စုဝေးလော့။ လက်ယာဘက်သို့ ခုတ်လော့။ ပြင်ဦးလော့။ လက်ဝဲဘက်အစရှိသော သင်၏အသွားမျက်နှာပြုသမျှဘက်သို့ ခုတ်လော့။ 17 ငါသည်လည်း လက်ချင်းရိုက်၍၊ ငါ့ဒေါသအရှိန်ကိုငြိမ်းစေမည်။ ထိုသို့ ငါထာဝရဘုရားမိန့်တော်မူပြီ။
ဗာ​ဗု​လုန်​ဘု​ရင်​၏​ဓား
18 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 19 အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ဓားသွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်းတို့သည် ပြည်တစ်ပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တစ်ခုကို ရွေးလော့။ 20 အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့လည်းကောင်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့လည်းကောင်း၊ ဓားရောက်ရာလမ်းကို မှတ်သားလော့။ 21 ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှာ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြားတို့ကို ရောနှော၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု၏။ 22 ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှာလည်းကောင်း၊ လုပ်ကြံခြင်းအမှုကိုမှာထားစေခြင်းငှာလည်းကောင်း၊ ကြွေးကြော်အော်ဟစ် စေခြင်းငှာလည်းကောင်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ လက်ယာဘက်၌ ယေရုရှလင်မြို့အဖို့ ဗေဒင်တွက်၍ နေရာကျ၏။ 23 သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင်တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ကိုဖမ်းမိလိုသောငှာ၊ သူတို့ပြစ်မှားသောအပြစ်ကို အောက်မေ့လိမ့်မည်။ 24 သို့ဖြစ်၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည်တိုင်အောင်၊ သင်တို့သည် မိမိတို့ဒုစရိုက်အပြစ်ကို သူတစ်ပါးအောက်မေ့စေ၍၊ မိမိတို့လွန်ကျူးခြင်း အမှုများကိုဖော်ပြလျက်၊ မိမိတို့ကို သူတစ်ပါး အောက်မေ့စေသောကြောင့်၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည်။ 25 အချင်းဆိုးယုတ်သော အဓမ္မဣသရေလမင်းသား၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။ 26 ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တစ်ဖန် မရှိရ။ နိမ့်သောသူကို ချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။ 27 နိုင်ငံကို ဆုံးရှုံးစေခြင်းငှာလည်း​ကောင်း၊ အစိုးပိုင်သောသူ မရောက်မီတိုင်အောင်လည်းကောင်း ငါမှောက်လှန်မည်။ မှောက်လှန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သောသူ၌ ငါအပ်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဓား​နှင့်​အမ္မုန်​ပြည်​သား​များ​
28 အချင်းလူသား၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကိုလည်းကောင်း၊Ref ၂၁:၂၈-၃၂။ ယေ ၄၉:၁-၆။ ယေဇ၊ ၂၅:၁-၇။ အာ၊ ၁:၃-၁၅။ ဇေ၊ ၂:၈-၁၁။ 29 သူတို့ကဲ့ရဲ့ခြင်းကိုလည်းကောင်း ရည်မှတ်၍မိန့်တော်မူသောစကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသော အဓမ္မလူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကို နေရာကျစေခြင်းငှာ၊ သင့်အဖို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသားစကားကို ဟောပြောစဉ်တွင်၊ ဓားတော်သည် လုပ်ကြံဖို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဖို့ရာ အရောင်တောက်သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။ 30 သင့်ဓားကို အိမ်သို့ပြန်စေလော့။ သင့်ကို ငါဖန်ဆင်းသောအရပ်၊ မွေးဖွားရာဌာန၌ သင့်ကို ငါစီရင်မည်။ 31 သင့်အပေါ်သို့ ငါ့အမျက်ကိုငါသွန်းလောင်းမည်။ ငါ့ဒေါသမီးဖြင့် သင့်ကိုမှုတ်မည်။ ကြမ်းတမ်းသောသဘောရှိ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့ အပ်မည်။ 32 သင်သည် မီးမွေးဖို့ထင်းဖြစ်ရလိမ့်မည်။ သင့်အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ၏။