19
ငိုကြွေးမြည်တမ်းခြင်း
ထိုမှတစ်ပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊ သင်၏အမိကား အဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။ ကျွေးမွေးသော သားတစ်ကောင်သည် ခြင်္သေ့ပျိုဖြစ်၍၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။ လူမျိုးတို့သည် ကြား၍ မြေတွင်း၌ ထိုခြင်္သေ့ပျိုကို ဖမ်းပြီးလျှင်၊ သံကြိုးနှင့်ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။ သားဆုံးရှုံးကြောင်းကို အမိသည်မြင်၍ စိတ်ပျက်သောအခါ၊ သားတစ်ကောင်ကို ယူပြန်၍ ခြင်္သေ့ပျိုဖြစ်စေခြင်းငှာ ပြုသဖြင့်၊ သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဖော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။ သူတို့မုဆိုးများကို သိ၍၊ သူတို့မြို့များကို သုတ်သင်ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့် ပြည်၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။ ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဖမ်းကြ၏။ သံကြိုးနှင့်ချည်နှောင်လျက် ဗာဗုလုန်ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင်ပေါ်မှာ နောက်တစ်ဖန် မမြည်စေခြင်းငှာ နှောင်အိမ်၌လှောင်ထားကြ၏။
10 သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာစိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသောကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီးကို သီးတတ်၏။ 11 မင်းတို့အသုံးအဆောင် ရာဇလှံတံဖို့ ခိုင်ခံ့သောတံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍များပြားသော အခက်အလက်တို့နှင့် အရပ်မြင့်၍ ထင်ရှားလေ၏။ 12 သို့ရာတွင်၊ ဒေါသအရှိန်အားဖြင့် နုတ်၍ မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည်တိုက်၍ အသီးကို ပိန်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည်ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။ 13 ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင်အရပ်၌ စိုက်လျက်ရှိ၏။ 14 အခက်အလက်တံဖျာတစ်ခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး၊ အစိုးရသော ရာဇလှံတံဖို့ ခိုင်ခံ့သောတံဖျာ တစ်စုံတစ်ခုမျှ မကျန်ကြွင်း။ ဤရွေ့ကား၊ ငိုကြွေးမြည်တမ်းခြင်းအကြောင်းဖြစ်၏။ ငိုကြွေးမြည်တမ်းစရာအကြောင်းလည်း ဖြစ်လိမ့်မည်။