14
ရုပ်တုကိုးကွယ်ခြင်းကိုရှုတ်ချခြင်း
1 ဣသရေလအမျိုး အသက်ကြီးသူအချို့တို့သည်လာ၍ ငါ့ရှေ့မှာ ထိုင်ကြ၏။
2 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
3 အချင်းလူသား၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ။ သူတို့မေးလျှောက်ခြင်းကို ငါခံရမည်လော။
4 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကိုထားလျက် ပရောဖက်ထံသို့ ရောက်လာ၏။ ထိုသူ၌ ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။
5 ထိုသို့သောအားဖြင့်၊ ဣသရေလအမျိုးကို သူတို့စိတ်သဘောရှိသည်နှင့်အညီ ငါဖမ်းမည်။ ထိုသူအပေါင်းတို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့် ကွာဝေးကြပြီ။
6 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးအားဆင့်ဆိုရမည်မှာ၊ နောင်တရ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့မှ မျက်နှာလွှဲကြလော့။
7 ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကိုတည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်းခြင်းငှာ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ်အလိုအလျောက်ပြန်ပြောသဖြင့်၊
8 ထိုသူတစ်ဖက်၌ ငါသည်မျက်နှာထား၍ သူ့ကိုနိမိတ်ဖြစ်စေမည်။ စကားပုံလည်း ဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
9 ပရောဖက်သည် ဟောပြော၍ မှားယွင်းလျှင်၊ ထိုပရောဖက်ကို ငါထာဝရဘုရား မှားယွင်းစေ၏။ ထိုသူကို ငါသည်ဒဏ်ခတ်၍၊ ငါ၏ ဣသရေလအမျိုးထဲမှ ပယ်ရှားမည်။
10 သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံရကြမည်။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက်ကို ဆည်းကပ်သောသူ ခံရသောဒဏ်နှင့် တူရလိမ့်မည်။
11 ထိုသို့ဖြစ်လျှင်၊ နောက်တစ်ဖန် ဣသရေလအမျိုးသည် ငါ့ကိုမစွန့်ပစ်၊ လမ်းမလွှဲ၊ မှားယွင်းခြင်းအပြစ်ရှိသမျှတို့နှင့် နောက်တစ်ဖန် မညစ်ညူးဘဲ၊ ငါ၏လူ ဖြစ်ရကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
နောဧ၊ ဒံယေလနှင့် ယောဘ
12 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
13 အချင်းလူသား၊ ပြည်သားတို့သည် အထပ်ထပ်လွန်ကျူး၍ ငါ့ကို ပြစ်မှားသောကြောင့်၊ ငါသည် လက်ကိုဆန့်၍ မုန့်အထောက်အပင့်ကို ချိုးသဖြင့်၊ အစာအာဟာရကိုခေါင်းပါးစေ၍၊ ထိုပြည်မှ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
14 နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော်လည်း၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကိုသာ ကယ်နုတ်ရသောအခွင့် ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
15 သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသောကြောင့်၊ အဘယ်သူမျှ မနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊
16 ထိုသူသုံးယောက် ရှိသော်လည်း၊ ငါ၏အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်နုတ်ရ။ ကိုယ်တိုင်သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက်ရှိရလိမ့်မည်။
17 သို့မဟုတ်၊ အိုဓား၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက်၊ ဓားဘေးကို ရောက်စေသောကြောင့်၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
18 ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်ရ၊ ကိုယ်တိုင်သာ ချမ်းသာရကြလိမ့်မည်။
19 သို့မဟုတ်၊ ထိုပြည်၌ ကာလနာကို ငါစေလွှတ်သောကြောင့်၊ လူနှင့် တိရစ္ဆာန်၏အသက်ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှာ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းလျှင်၊
20 နောဧ၊ ဒံယေလ၊ ယောဘတို့ရှိသော်လည်း၊ ငါ အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကိုသာ ကယ်နုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
21 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှာ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီးတတ်သော သားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ၊ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။Ref ၁၄:၂၁။ ဗျာ ၆:၈။
22 သို့ရာတွင်၊ လွတ်၍ ထွက်မြောက်ရသော အကျန်အကြွင်း သားသမီးအချို့ ရှိကြလိမ့်မည်။ သူတို့သည် သင်တို့ရှိရာသို့ ထွက်လာ၍၊ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသော အမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာခြင်းရှိကြလိမ့်မည်။
23 သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့သည် မြင်သောအခါ သက်သာရကြလိမ့်မည်။ ယေရုရှလင်မြို့ကို ငါပြုလေသမျှတို့၌၊ အကြောင်းမရှိဘဲ မပြုသည်ကို သိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။