5
အလျင်အမြန်ကတိမပြုနှင့်
1 ဘုရားသခင့်အိမ်တော်သို့သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော်ခြင်းအမှုထက်၊ တရားနာခြင်းအမှုကို သာ၍ကြိုးစားလော့။ လူမိုက်တို့သည် ကိုယ်အပြစ်ကို မဆင်ခြင်တတ်ကြ။
2 သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရားသခင့်ရှေ့တော်၌ စကားပြောခြင်းငှာ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကား မများစေနှင့်။
3 အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့သို့၊ စကားများသောအားဖြင့် မိုက်သောသူ၏အသံကို ကြားရ၏။
4 ဘုရားသခင့်ထံတော်၌ သစ္စာကတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရနှစ်သက်တော်မမူ။ သစ္စာကတိပြုသည်အတိုင်း ဝတ်ကိုဖြေလော့။
5 သစ္စာကတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက်၊ သစ္စာကတိအလျှင်းမဖြေဘဲနေသော် သာ၍ကောင်း၏။
6 သင်၏နှုတ်သည် သင်၏ကိုယ်ခန္ဓာ၌ အပြစ်မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု၊ တမန်တော်ရှေ့မှာ ပြောရသောအကြောင်း မရှိစေနှင့်။ ဘုရားသခင်သည် သင်၏စကားသံကိုအမျက်တော်ထွက်၍၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း။
7 အိပ်မက်များရာ၌လည်းကောင်း၊ စကားများရာ၌လည်းကောင်း၊ အချည်းနှီးသောအကြောင်းအရာပါတတ်၏။ သင်မူကား ဘုရားသခင်ကိုကြောက်ရွံ့လော့။
လူ့ဘ၀သည်အချည်းနှီး
8 ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင်ဆုံးဖြတ်ခြင်း အမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူ တစ်ယောက်ကိုတစ်ယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက် ရှိတော်မူ၏။
9 မြေကြီးကဖြစ်သော စီးပွားသည် အလုံးစုံတို့အဖို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ကျေးဇူးကို ခံရ၏။
10 ငွေကိုတပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကို တပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
11 ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည်လည်း တိုးပွားများပြားကြ၏။ ဥစ္စာရှင်သည် မျက်စိနှင့် ကြည့်ရှုခြင်းကျေးဇူးမှတစ်ပါး အဘယ်ကျေးဇူးရှိသနည်း။
12 အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည် ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။
13 စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင်အောင်၊ စည်းစိမ်ကို သိုထားခြင်းတည်းဟူသော၊ နေအောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
14 ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည်လည်း လက်ချည်းနေရ၏။
15 သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူ ပြန်သွားရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
16 သူသည် လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွားရသောမှုအရာသည် အလွန်ဆိုးသော အမှုအရာဖြစ်၏။ လေကိုရအံ့သောငှာ ကြိုးစားအားထုတ်သောသူသည် အဘယ်ကျေးဇူးရှိသနည်း။
17 သူ၏နေ့ရက်ကာလကို မှောင်မိုက်၌ လွန်စေတတ်၏။ များစွာသော နှောင့်ယှက်ခြင်း၊ ညှိုးငယ်ခြင်း၊ အမျက်ထွက်ခြင်းကို ခံရ၏။
18 ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်းအမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသောအကျိုး၌ ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဖို့ဖြစ်၏။
19 ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ်ဥစ္စာကို ရသောလူတိုင်း မိမိအဖို့ကိုခံ၍ ဝင်စားခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင့် ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။
20 လွန်သောနေ့ရက်ကာလကို များစွာမအောက်မေ့ရ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ၏။