6
မဟာပညတ်တော်
သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ငါပေးထားသော ပညတ်တရားတော်ရှိသမျှတို့ကို တစ်သက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏အသက်တာ ရှည်စေမည်အကြောင်း၊ သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်၌ကျင့်ဖို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားဟူမူကား၊ အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့်ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည်အကြောင်း နားထောင်လော့။ သတိနှင့် ကျင့်စောင့်လော့။ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။Ref ၆:၄။ မာ ၁၂:၂၉။ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။Ref ၆:၅။ မ ၂၂:၃၇။ မာ၊ ၁၂:၃၀။ လု၊ ၁၀:၂၇။ ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။Ref ၆:၆-၉။ တရား ၁၁:၁၈-၂၀ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရမည်။ အိမ်တံခါး၊ မြို့တံခါးတို့၌ လည်းရေးထားရမည်။
10 သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကိုလည်းကောင်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သောအိမ်တို့ကိုလည်းကောင်း၊Ref ၆:၁၀။ က ၁၂:၇၊ ၂၆:၃၊ ၂၈:၁၃။ 11 သင်မတူးသော ရေတွင်းတို့ကိုလည်းကောင်း၊ သင်မစိုက်မပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကိုလည်းကောင်း၊ သင့်အားပေးခြင်းငှာ၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက်နေရသောအခါ၊ 12 ကျွန်ခံနေရာအဲဂုတ္တုပြည်မှ သင့်ကိုကယ်နုတ်ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည်အကြောင်း၊ ကိုယ်ကိုယ်ကိုသတိပြုလော့။ 13 သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။Ref ၆:၁၃။ မ ၄:၁၀။ လု၊ ၄:၈။ 14 အခြားတစ်ပါးသောဘုရား၊ သင့်ပတ်လည်၌နေသော လူမျိုးတို့၏ဘုရားကို မဆည်းမကပ်ရ။ 15 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက်ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။ 16 သင်သည် မဿာအရပ်၌ပြုသကဲ့သို့၊ သင်၏ဘုရားသခင်ထာဝရဘုရားကို အစုံအစမ်းမပြုရ။Ref ၆:၁၆။ မ ၄:၇။ လု၊ ၄:၁၂။ ထွ၊ ၁၇:၁-၇။ 17 သင်၏ ဘုရားသခင်ထာဝရဘုရား ထားတော်မူသောသက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍စောင့်ရှောက်ရမည်။ 18 သင်သည် ချမ်းသာရခြင်းငှာလည်းကောင်း၊ 19 ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း ရန်သူအပေါင်းတို့ကို သင့်ရှေ့မှနှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်မြတ်ကို ဝင်စား၍နေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်လျောက်ပတ်သော အမှုတို့ကိုပြုရမည်။
20 နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရားသခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊ 21 သင်က၊ ငါတို့သည်အဲဂုတ္တုပြည်၌ ဖာရောဘုရင်၏ကျွန်ဖြစ်၍နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီးသောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူ၏။ 22 ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန်သောနိမိတ်လက္ခဏာ အံ့ဖွယ်သရဲတို့ကို အဲဂုတ္တုပြည်အပေါ်မှာလည်းကောင်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာလည်းကောင်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊ 23 ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှနုတ်ဆောင်တော်မူ၏။ 24 ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူးပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကိုစောင့်တော်မူမည်အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကိုထောက်၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။ 25 သို့ဖြစ်၍ ငါတို့ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။