7
လက်ထပ်ထိမ်းမြားခြင်းပြဿနာ
1 သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ၌ ပါသောအရာမှာ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲနေလျှင်၊-
2 ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။-
3 ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။-
4 မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။-
5 အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှာ၊ နောက်တစ်ဖန် အတူနေကြလော့။-
6 သို့ရာတွင် ပညတ်မထားဘဲ အခွင့်ပေးခြင်းအားဖြင့်သာ ငါဆို၏။-
7 လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှာ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီးအသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။-
8 ထိုကြောင့် မယားမရှိသောသူတို့နှင့် မုဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။-
9 သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဖက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ် ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်း ပြုသော် သာ၍ကောင်း၏။
10 ခင်ပွန်းရှိသော သူတို့ကိုလည်း၊ ငါပညတ်သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။-
11 စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ ပြန်၍ အသင့်အတင့်နေစေ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။-Ref ၇:၁၀-၁၁။ မ ၅:၃၂၊ ၁၉:၉။ မာ၊ ၁၀:၁၁-၁၂။ လု၊ ၁၆:၁၈။
12 ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစ်စုံတစ်ယောက်သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။-
13 ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။-
14 အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဖို့ စင်ကြယ်၏။ မယုံကြည်သော မယားသည်လည်း မိမိလင်အဖို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။-
15 သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာ+ ၇း၁၅ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာ အချို့ရှေးလက်ရေးမူ "သင်တို့သည် အသင့်စောင့်နေစေခြင်းငှာ---" ဘုရားသခင်၏ ပညတ်တော်ရှိ၏။-
16 အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း။
ခေါ်တော်မူသည်နှင့်လျော်စွာကျင့်ခြင်း
17 သခင်ဘုရားသည် လူအသီးအသီးတို့အား ဝေငှတော်မူ၍၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ်၏။-
18 အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင်၊ အရေဖျားလှီးခြင်းကို မခံစေနှင့်။-
19 အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ။ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။-
20 ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ လူတိုင်းလုပ်နေစေ။-
21 အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသောအခွင့်ကို သာ၍ သုံးဆောင်လော့။
22 အကြောင်းမူကား ကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။-
23 သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူ ဖြစ်၍၊ လူထံ၌ အလိုအလျောက်ကျွန်မခံကြနှင့်။-
24 ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။
ခင်ပွန်းမရှိသူတို့နှင့်မုဆိုးမများ
25 ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာရှိသောသူ ဖြစ်အံ့သောငှာ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။-
26 စီရင်ချက်ဟူမူကား၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း၏။-
27 သင်သည်မယားရှိလျှင် လွတ်စေခြင်းငှာ မကြံစည်နှင့်။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့်။-
28 သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။ လင်မနေဖူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသောသူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။-
29 ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသောသူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။-
30 ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။-
31 ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွား ကွယ်ပျောက်တတ်၏။-
32 သင်တို့သည် စိုးရိမ်ခြင်းနှင့် ကင်းလွတ်စေခြင်းငှာ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။-
33 ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။-
34 ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။-
35 ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ယှက်ချင်သောစိတ်နှင့် ဆိုသည်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှာသာ ဤသို့ဆို၏။
36 အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိ ထိမ်းမြားကြစေ။-+ ၇း၃၆ အပျိုကညာသည် --အပြစ်မရှိ ထိမ်းမြားကြစေ။ အကယ်၍ မိမိ၏အပျိုကညာအပေါ်တွင် မလျောက်ပတ်သောအပြုအမူကို ပြုနေသည်ဟု ထင်မှတ်၍ သူ၏ခံစားမှုလည်းပြင်းပြသည်ရှိသော်၊ ထိမ်းမြားစရာအကြောင်းရှိလျှင် သူ့ဆန္ဒရှိသည့်အတိုင်း ထိမ်းမြားစေ။ အပြစ်မရှိထိမ်းမြားကြစေ
37 သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သောအခွင့်နှင့် ကိုယ်စိတ်အလိုကို ချုပ်တည်းနိုင်သောအခွင့် ရှိသောကြောင့်၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင်ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။-
38 သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား၊ သာ၍ ကောင်းစွာပြု၏။
39 မိန်းမသည် မိမိခင်ပွန်းမသေမီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင်မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏။
40 အခွင့်ရှိသော်လည်း၊ အခြားသောသူ၏ မယား မဖြစ်ဘဲနေလျှင်၊ သာ၍ မင်္ဂလာရှိသည်ဟု ငါသဘောရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏။