9
ရှောလု၏ပြောင်းလဲခြင်း
( တ ၂၂:၆-၁၆, ၂၆:၁၂-၁၈)
1 ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့တစ်ဖက်၌ ခြိမ်းခြောက်၍၊ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှူသဖြင့်၊-
2 ထိုဘာသာဝင်သော ယောက်ျားမိန်းမတို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင်ရမည်အကြောင်း၊ ဒမာသက်မြို့၌ ရှိသော တရားဇရပ်မှူးတို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ်မင်းထံ၌ ဝင်၍ တောင်းပြီးမှ၊-
3 သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက်လေ၏။-
4 ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊-
5 သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင်ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။-
6 သို့သော်လည်း ထ၍ မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။-
7 ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက် ရပ်နေကြ၏။-
8 ရှောလုသည်လည်း မြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှ မမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။-
9 သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲ နေလေ၏။
10 ထိုအခါ အာနနိအမည်ရှိသော တပည့်တော်တစ်ယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင်ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည်ဟု လျှောက်၏။-
11 သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်းဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။-
12 မိမိမျက်စိကို မြင်ပြန်စေခြင်းငှာ အာနနိအမည်ရှိသောသူသည် ဝင်၍၊ မိမိအပေါ်၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့်+ ၉း၁၂ ဗျာဒိတ်တော်အားဖြင့် အချို့ရှေးလက်ရေးမူများတွင် "ဗျာဒိတ်တော်အားဖြင့်" မပါ မြင်လေပြီဟု မိန့်တော်မူ၏။-
13 အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။-
14 ဤအရပ်၌လည်း ကိုယ်တော်ကို ပတ္ထနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ ရပါသည်ဟု ပြန်လျှောက်၏။-
15 သခင်ဘုရားကလည်း၊ ထိုသူကား တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့လည်းကောင်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သော တန်ဆာဖြစ်၏။-
16 အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။-
17 အာနနိသည်လည်း သွား၍ အိမ်သို့ရောက်လျှင်၊ ရှောလုအပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိ မြင်ပြန်စေခြင်းငှာလည်းကောင်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း ငါကိုစေခန့်တော်မူသည်ဟု ပြောဆို၏။-
18 ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့် ထ၍ ဗတ္တိဇံကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။
ဒမာသက်မြို့တွင်ဟောပြောခြင်း
19 ထိုနောက် ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ကာလအတန်အရာနေ၍၊-
20 ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို တရားဇရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။-
21 ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤသူကား၊ ထိုသခင်ကို ပတ္ထနာပြုသောသူတို့ကို ယေရုရှလင်မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှာ ဤအရပ်သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။-
22 ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။
ယုဒလူတို့လက်မှလွတ်မြောက်ခြင်း
23 ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှာ၊ ယုဒလူတို့သည် အချင်းချင်းတိုင်ပင်ကြ၏။-
24 ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကိုသတ်အံ့သောငှာ မြို့တံခါးတို့ကို နေ့ညမပြတ် စောင့်ကြသောကြောင့်၊-
25 သူ၏တပည့်တို့သည် ညအခါသူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။Ref ၉:၂၃-၂၅။ ၂ကော ၁၁:၃၂-၃၃။
ယေရုရှလင်မြို့သို့ရောက်ရှိခြင်း
26 ယေရုရှင်လင်မြို့သို့ ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဖော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။-
27 ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍လည်းကောင်း၊ သူ့အားမိန့်တော်မူသည် ဟူ၍လည်းကောင်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည်ဟူ၍လည်းကောင်း ပြောလေ၏။-
28 ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဖော်၍၊ သခင်ယေရှု၏ နာမတော်ကိုအမှီပြု၍ ရဲရင့်စွာ ဟောလျက်နေ၏။-
29 ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။-
30 ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။
31 ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌လည်းကောင်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
အဲနေကိုကုသခြင်း
32 ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည်တွင် သန့်ရှင်းသူတို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။-
33 ထိုအရပ်၌ အဲနေအမည်ရှိသော တုံးလုံးနေသော သူတစ်ယောက်ကို တွေ့လျှင်၊ အဲနေ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ၏။-
34 ထ၍အိပ်ရာကိုသိမ်းလော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ချင်းထ၏။-
35 လုဒ္ဒမြို့နှင့် ရှာရုန်အရပ်၌ နေသောသူ အပေါင်းတို့သည် ထိုသူကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။
ဒေါ်ကာအသက်ပြန်ရှင်ခြင်း
36 ယုပ္ပေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသ အမည်ရှိသော တပည့်တော်မ တစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက်၊
37 ထိုအခါ၌ နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌တင်ထားကြ၏။-
38 လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရုရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည်အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန်ကြ၏။-
39 ပေတရုသည် ထ၍ထိုသူတို့နှင့် အတူလိုက်လေ၏။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့်၍ မုဆိုးမများတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါလုပ်ခဲ့သောအင်္ကျီနှင့် အဝတ်များကို ပြလျက်ရှိကြ၏။-
40 ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက်စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်းပတ္ထနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍၊ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမသည် မျက်စိကိုဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။-
41 ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်းသူတို့နှင့် မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။-
42 ထိုအကြောင်းကို ယုပ္ပေမြို့၌ အနှံ့အပြား သိကြ၍၊ လူများတို့သည် သခင်ဘုရားကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။-
43 ပေတရုသည် ယုပ္ပေမြို့၌ ရှိမုန်အမည်ရှိသော သားရေလုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။