3
သို့ရာတွင် နောက်ဆုံးနေ့ရက်ကာလ၌ ခဲယဉ်းသောအဖြစ်အပျက်များရောက်လာမည်ကို သိမှတ်လော့။ အသို့ဆိုသော် လူတို့သည် ကိုယ်ကိုချစ်သူ၊ လောဘရှိသူ၊ ဝင့်ဝါသူ၊ မာနထောင်လွှားသူ၊ ကဲ့ရဲ့သူ၊ မိဘစကားကိုမလိုက်နာသူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊ သင်္ဂဟကင်းသူ၊ ရန်ညိုးဖွဲ့သူ၊ ကုန်းချောသူ၊ ကိုယ်ကိုမချုပ်တည်းသူ၊ ကြမ်းကြုတ်သူ၊ အကောင်းကိုမနှစ်သက်သူ၊ သစ္စာဖျက်သူ၊ အဆောတလျင်ပြုသူ၊ စော်ကားသူ၊ ဘုရားကိုမြတ်နိုးသည်ထက် အပျော်အမွေ့ကိုနှစ်သက်သူ။ ဘုရားကြည်ညိုဟန်ဆောင်သော်လည်း ဆိုင်ရာတန်ခိုးကိုငြင်းပယ်သူများ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုလွှဲရှောင်လော့။ 6-7 သူတို့အနက်အချို့သည် အိမ်များသို့လျှို့တဝှက်ဝင်ပြီးလျှင် ပြစ်ဝန်ဆောင်လျက် တပ်မက်ခြင်းအမျိုးမျိုးသွေးဆောင်ရာပါသွားလျက် အစဉ်သင်ကြားခံသော်လည်း သမ္မာတရားကိုသိကျွမ်းရာမရောက်နိုင်သော မိန်းမမိုက်တို့ကိုသိမ်းသွားသည့်ပြင်၊ မောရှေကို ယန္နေနှင့်ယန်ဗြေတို့ခုခံခဲ့သည့်နည်းတူ သမ္မာတရားတော်ကိုခံခုလျက် သဘောဖောက်ပြန်သူ၊ ယုံကြည်ခြင်းတရားနှင့်စပ်၍ စံတော်မမီသူများဖြစ်ကြ၏။ သို့ရာတွင် ဆိုခဲ့သူနှစ်ယောက်၏မိုက်မဲခြင်းသည် ထင်ရှားသကဲ့သို့၊ ဤသူတို့မိုက်မဲခြင်းလည်း လူခပ်သိမ်းတို့ရှေ့ထင်ရှားမည်ဖြစ်၍ သူတို့သြဇာတိုးတက်တော့မည်မဟုတ်။ 10 သင်မူကား ငါသင်ကြားခြင်း၊ လေ့ကျင့်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ တည်ကြည်ခြင်းမှစ၍၊ 11 အန္တိအုတ်၊ ဣကောနိ၊ လုတ္တရမြို့များတွင် သင့်ရောက်ရာနှိပ်စက်ညှဉ်းပန်းခြင်းများ၌ ငါ့ပုံစံလိုက်ခဲ့လေပြီ။ ထိုသို့ခံခဲ့ရာ ညှဉ်းပန်းခြင်းအမျိုးမျိုးမှ အရှင်ဘုရားလွတ်မြောက်စေတော်မူခဲ့ပြီ။ 12 မုချဆိုသော် ခရစ်တော်ယေရှုအားဖြင့် ဘုရားတရားကြည်ညိုလျက်နေလိုသူရှိသမျှသည် ညှဉ်းပန်းခံရကြလိမ့်မည်။ 13 လူဆိုးနှင့်လူလိမ်တို့သည်လှည့်စားလျက်၊ လှည့်စားခံရလျက်၊ ထိုထက်ဆိုးသွမ်းကြမည်မှန်သော်လည်း၊ 14-15 သင်မူကား မည်သူ့ထံမှသင်ကြားခဲ့ရကြောင်းကိုလည်းေကာင်း၊ ခရစ်တော်ယေရှုအားယုံကြည်ခြင်းဖြင့် ကယ်တင်ရာရောက်စေခြင်းငှါ ဉာဏ်ပညာနှင့်ပြည်စုံစေနိုင်သောသမ္မာကျမ်းဂန်ကို ငယ်ရွယ်စဉ်က သိခဲ့ရကြောင်းကိုလည်းေကာင်း၊ မှတ်သားလျက် ထိုသင်ကြားစိတ်ချခဲ့ရသောအရာများ၌ တည်နေလော့။ 16-17 ဘုရားသခင့်ဗျာဒိတ်တော်ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်လူယုံတော်စုံလင်၍ ကောင်းမှုအမျိုးမျိုးအဖို့ အသင့်ရှိစေအံ့သောငှါ သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းများ၌ အကျိုးရှိ၏။