21
1 ဒါဝိဒ်မင်းလက်ထက် သုံးနှစ်ပတ်လုံးအစာခေါင်းပါးခြင်းကပ်သင့်၍ ထာဝရဘုရားကို ဘုရင်မင်း မေးလျှောက်ရာ ထာဝရဘုရားက၊ ဂိဗောင်မြို့သားတို့ကို ကွပ်မျက်သောရှောလုနှင့် အဆက်အနွယ်တို့ အပေါ်တွင် အသွေးပြစ်တည်လျက်ရှိသည်ဟု ဗျာဒိတ်ပေးတော်မူ၏။
2 ဂိဗောင်မြို့သားတို့ကား ဣသရေလအမျိုးမဟုတ်၊ အာမောရိအမျိုးအကြွင်းအကျန်ဖြစ်ကြ၏။ သူတို့၌ဣသရေလအမျိုးသားတို့သစ္စာကတိထားကြသော်လည်း၊ ရှောလုမင်းသည် ဣသရေလ၊ ယုဒ အမျိုးသားတို့အဖို့ စိတ်အားထက်သန်သည်နှင့် ကွပ်မျက်ရန်ကြံရွယ်သတည်း။ ဒါဝိဒ်မင်းသည် ဂိဗောင်မြို့သားတို့ကိုခေါ်၍
3 ထာဝရဘုရားပိုင်တော်မူရာလူမျိုးအား ကောင်းကြီးမင်္ဂလာပေးကြစေရန် အပြစ်ဖြေခြင်းအဖြစ် သင်တို့အဖို့ မည်သို့ငါပြုရအံ့နည်းဟုမေးလျှင်
4 ဂိဗောင်မြို့သားတို့က၊ ရှောလုမင်းနှင့်အဆက်အနွယ်တို့မှ အသက်ဖိုးရွှေငွေကို အလိုမရှိပါ။ ဣသရေလလူမျိုးတစ်စုံတစ်ယောက်ကိုမျှ ကျွန်တော်တို့သေဒဏ်ပေးခွင့်မရဟု ပြန်လျှောက်ကြသော် သင်တို့တင်လျှောက်သည့်အတိုင်းငါပြုမည်ဟုမိန့်ဆို၏။
5-6 ထိုသူတို့ကလည်း၊ ကျွန်တော်တို့ကိုဣသရေလနိုင်ငံအတွင်း၌ အရှင်းမနေစေရန် သုတ်သင် ပယ်ရှင်းဖျက်ဆီးလိုသောသူ၏သားမြေးခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့အပ်တော်မူပါ။ ထာ၀ရဘုရားေရွးချယ်ေတာ်မူသူရှောလုေနရာဂိဗာမြို့တွင် ထာဝရဘုရားရှေ့ကားတင်ပါမည်ဟု တင်လျှောက်ကြသော် ငါအပ်မည်ဟု ဘုရင်မင်းမိန့်ဆို၏။
7 ဒါဝိဒ်မင်းသည် ရှောလုမင်းသားတော်ယောနသန်နှင့် ထာဝရဘုရားကို တိုင်တည်လျက် သစ္စာ မိတ်ဖွဲ့သည်ကို ထောက်သဖြင့်၊ ရှောလုမင်းသားတော်ယောနသန်ရသောမေဖိဗောရှက်အား ညှာတာ၍
8 အာယသမီးရိဇပတွင် ရှောလုမင်းရသောသားတော်၊ အာမောနိနှင့်မေဖိဗောရှက်နှစ်ယောက် ရှောလုမင်းသမီးတော် ၁ 21.8 အနက်ကား၊ မိခါလ။မေရပ်တွင် မဟောလမြို့နေ၊ ဗာဇိလဲသား အဒြေလရသောသားငါးယောက်တို့ ကို ခေါ်ပြီးမှ
9 ဂိဗောင်မြို့သားတို့လက်တွင်းသို့ အပ်လိုက်သဖြင့် ထိုသူခုနစ်ယောက်တို့သည် မုယောစပါးရိတ်သိမ်းစအခါ ထာဝရဘုရားရှေ့၊ တောင်ပေါ်တွင် ကားတင်ခံလျက် တစ်ပြိုင်နက်သေကြရှာလေ၏။
10 အာယသမီးရိဇပသည် လျှော်တေကိုယူ၍ တည်းခိုရန်ကျောက်ပေါ်မှာ မိုးပြီးလျှင် ဆိုခဲ့သော အလောင်းများကို နေ့အချိန်လေသတ္တဝါ၊ ညဉ့်အခါမြေသတ္တဝါတို့ မချဉ်းကပ်စေခြင်းငှါ စပါးရိတ် သိမ်းစကာလမှစ၍ မိုးဦးမကျမီတိုင်အောင် စောင့်ရှောက်လျက်နေလေ၏။
11 ရှောလုမင်းကိုယ်လုပ်တော်၊ အာယသမီးရိဇပပြုသောအမှုကို ဒါဝိဒ်မင်းကြားသိသော်၊
12 ဂိလဗောတောင်ရိုး၌ ရှောလုမင်းကိုလုပ်ကြံသူ ဖိလိတ္တိတပ်သားတို့ ဆွဲထားကြသည့်အလောင်းတော်များကို ဗက်ရှန်လမ်းဆုံမှ လျှို့တစ်ဝှက်ဆောင်ယူသော ဂိလဒ်နယ်၊ ယာဗက်မြို့သားတို့ထံချီထွက်၍
13 ရှောလုမင်းနှင့် သားတော်ယောနသန်တို့အရိုးများကို ဖော်ထုတ်ယူဆောင်ခဲ့ပြီးလျှင် ကားတင်ခံ ရသူတို့အရိုးများနှင့် စုပေါင်းလျက်
14 ဗင်္ယာမိန်နယ်၊ ဇေလမြို့၊ ရှောလုမင်းခမည်းတော်ကိရှ၏ သင်္ချၖိုင်း၌ စျာပနပြုကြလေ၏။ ဘုရင် မင်းမိန့်မှာသမျှအတိုင်းဆောင်ရွက်ပြီးစီးကြသည့်ကာလ ပြည်တော်အဖို့ပြုသောပဌနာများကို ဘုရားသခင်နားညောင်းတော်မူ၏။
15 ဣသရေလူမျိုးကို ဖိလိတ္တိလူမျိုးစစ်တိုက်ပြန်သောအခါ နောက်ပါတို့နှင့် ဒါဝိဒ်မင်းချီထွက်၍ ဆီးဆို့တိုက်ခိုက်ရာ
16 အချိန်သုံးပိဿာစီးကြေးလှံကိုကိုင်လျက် ဓားသစ်လွယ်သူ ရေဖိမ့်အနွယ်၊ ဣရှဗိဗေနုပ်သည် မောပန်းသောဒါဝိဒ်မင်းကို လုပ်ကြံမည့်ပြုရာ
17 ဇေရုယာ့သားအဘိရှဲသည် ထိုဖိလိတ္တိသူရဲကိုခုတ်သတ်၍ ဒါဝိဒ်မင်းအား ကယ်မလေ၏။ ထိုအခါ ဒါဝိဒ်မင်းရဲမက်တို့က ဣသရေလလူမျိုး၏အလင်းမကွယ်စေခြင်းငှါ၊ ဘုရင်မင်းသည် နောက်တစ်ဖန်ကျွန်တော်နှင့်အတူ မချီမထွက်ရဟု သစ္စာဆိုကြလေ၏။
18 ထိုနောက် ဂေါဘမြို့တွင် ဖိလိတ္တိလူမျိုးကို စစ်တိုက်ကြပြန်ရာ ဟုရှမြို့သားသိဗေခဲသည် ရေဖိမ့်အနွယ်သာဖကို သတ်လေ၏။
19 တစ်ဖန်ဂေါဘမြို့တွင်ပင် ဖိလိတ္တိလူမျိုးကိုစစ်တိုက်ကြပြန်သော်၊ ဗက်လင်မြို့နေ ယာဣရော ရဂိမ့်သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှ လှံရိုးကိုကိုင်သော ဂါသမြို့သားဂေါလျတ် ကိုသတ်လေ၏။ ဂါသမြို့တွင်တစ်ဖန်စစ်တိုက်ပြန်ရာ
20 အရပ်အမောင်းကြီးမြင့်၍ လက်ခြေခြောက်ချောင်းစီ၊ နှစ်ရပ်ပေါင်းနှစ်ဆယ့်လေးချောင်းရှိ သော ရေဖိမ့်အနွယ်တစ်ယောက်က
21 ဣသရေလဗိုလ်ထုကို မထီလေးစားပြုသောအခါ ဒါဝိဒ်မင်းနောင်တော်ရှိမာ၏သား ယောနသန်သည် ထိုသူ့ကိုသတ်လေ၏။
22 ဒါဝိဒ်မင်းနှင့်နောက်ပါတို့လက်ရုံးရည်ဖြင့် ကျဆုံးသော ထိုလေးယောက်တို့အား ဂါသမြို့နေ ရေဖိမ်၏အနွယ်ဖြစ်ကြသတည်း။