17
1 ထိုနောက် အဗရှလုံအား အဟိသောဖေလက၊ ကျွန်တော်သည် ရဲမက်တစ်သောင်းနှစ်ထောင်တို့ကို ရွေးကောက်လျက် ယနေ့ညဉ့်ပင်ချီထွက်၍ ဒါဝိဒ်မင်းကိုလိုက်လံပါရစေ။
2 မောပန်းလက်လျော့လျက် ရှိနေစဉ်မီ၍ေနာက်ပါအပေါင်းတို့ ထိတ်လန့်ထွက်ပြေးကြသော အခါ ဘုရင်မင်းကိုသာ ကျွန်တော်လုပ်ကြံပြီးလျှင်
3 တစ်မျိုးလုံးကိုကိုယ်တော့်ထံ ဆောင်ခဲ့ပါမည်။ အလိုရှိသူတစ်ဦးတည်းကိုရက၊ လူအပေါင်းတို့ပြန်လာ၍ တစ်မျိုးလုံးငြိမ်ဝပ်စွာနေကြပါလိမ့်မည်ဟု
4 တင်လျှောက်သောစကားကို အဗရှလုံနှင့်ဣသရေလလူကြီးတို့သဘောတူကြ၏။
5 ထိုနောက် အဗရှလုံက၊ အာခိလူမျိုးဟုရှဲကိုခေါ်ဦးလော့။ သူ့အကြံကိုလည်း နားထောင်ကြအံ့ဟုဆိုသည့်အတိုင်း
6 ဟုရှဲလာရာ အဟိသောဖေလသည် ဤသို့အကြံပေးပြီ။ သူ့အကြံကိုလိုက်နာသင့်သလော။ မသင့်လျှင်အကြံပေးဦးလော့ဟု အဗရှလုံဆိုသည့်ကာလ ဟုရှဲက၊
7 အဟိသောဖေလ ယခုပေးသောအကြံမသင့်သေးပါ။
8 ခမည်းတော်နှင့်နောက်ပါတို့သည် စွမ်းရည်ကောင်းသူဖြစ်လျက် တော၌သားငယ် ပျောက်ဆုံးသော ဝံမကဲ့သို့ ခက်ထန်သောစိတ်ရှိကြောင်းကို ကိုယ်တော်သိပါ၏။ ခမည်း တော်လည်းစစ်ရေးတတ်သူဖြစ်၍ တပ်သားတို့နှင့်အတူ စားခန်းချမည်မဟုတ်။
9 ယခုပင်တွင်း၌ဖြစ်စေ၊ ခိုအောင်းရာ၌ဖြစ်စေ၊ ဝှက်ကွယ်လျက် ရဲမက်တို့အပေါ်တွင် ရုတ်တရက်လုပ်ကြံသဖြင့် ထိုသတင်းကို ကြားသိသူတို့က အဗရှလုံ့ဘက်ပါသူတို့ ဆုံးရှုံးပြီ ဟုကြားပြောကြမည်ဖြစ်၍
10 ခြင်္သေ့ကဲ့သို့နှလုံးသတ္တိရှိသောသူရဲပင် စိတ်လျော့ပါလိမ့်မည်။ ခမည်းတော်သည် စွမ်းရည်ကောင်းသည်ကိုလည်းေကာင်း၊ ဘက်ပါတို့လည်း သူရဲကောင်းဖြစ်ကြသည်ကိုလည်းေကာင်း၊ ဣသရေလ တစ်မျိုးလုံးသိကြပါ၏။
11 သို့ဖြစ်သောကြောင့် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောဣသရေလရဲမက်အပေါင်းတို့ကို အထံတော်သို့စုရုံးစေပြီးမှ ကိုယ်တော်တိုင် ချီတော်မူသင့်ကြောင်း ကျွန်တော်အကြံပေးပါသည်။
12 ထိုသို့ခမည်းတော်နှင့် တွေ့ဆုံသောအရပ်သို့ရောက်ရာ မြေပေါ်မှာနှင်းကျသကဲ့သို့ လွှမ်းမိုးက ၎င်းမှစ၍ ဘက်ပါတစ်စုံတစ်ယောက်မျှ ကြွင်းကျန်တော့မည်မဟုတ်။
13 အကယ်၍ ခံတပ်မြို့တစ်မြို့သို့ဆုတ်ခံပြီဖြစ်လျှင် ဣသရေလတစ်မျိုးလုံးသည် ကြိုးကိုယ်စီယူခဲ့၍ ကျောက်စရစ်တစ်ခဲကိုမျှမချန်ဘဲ ထိုမြို့ကိုမြစ်ထဲသို့ဆွဲချရကြမည်ဟု တင်လျှောက်သော်
14 အဗရှလုံ၌ ဘေးရောက်စေခြင်းငှါ အဟိသောဖေလပေးသောအကြံကောင်းကိုပျက်စေ ရန် ထာဝရဘုရားပြဌာန်းတော်မူပြီးဖြစ်သည့်အတိုင်း အဗရှလုံနှင့် ဣသရေလရဲမက်တို့က အာခိလူမျိုးဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းမြတ်လှ သည်ဟုဝန်ခံကြကုန်၏။
15 ထိုအခါ ပရောဟိတ်ဇာဒုတ်၊ အဗျာသာတို့ထံဟုရှဲဆိုသည်မှာ အဗရှလုံနှင့်ဣသရေလ လူကြီးတို့အား အဟိသောဖေလက ဤသို့သောအကြံ၊ ကျွန်တော်က ဤသို့သောအကြံများ ကိုေပးကြပါပြီ။
16 ထိုကြောင့် ဒါဝိဒ်မင်းထံအမြန်စေလွှတ်လျက် ဘုရင်မင်းမှစ၍ နောက်တော်ပါ အပေါင်းတို့ဘေးလွတ်စေခြင်းငှါ ယခုညဉ့်ပင် တောစကူးတို့ဆိပ်တွင် ချရပ်တော်မမူဘဲ အဆောတလျင်ကူးချီတော်မူပါဟုကြားလျှောက်စေရန် ပြောဆိုလေ၏။
17 ယောနသန်နှင့်အဟိမတ်တို့သည် မြို့တွင်းသို့ဝင်လျှင် ထင်ရှားမည့်စိုးသောကြောင့် အရောဂေလအရပ်မှာ တိမ်းနေစဉ်၊ မိန်းမငယ်တစ်ယောက်လာ၍ သတင်းပေးလေ့ရှိသည့် အတိုင်း ဒါဝိဒ်မင်းထံလျှောက်ရန် သွားသောအခါ
18 လုလင်တစ်ယောက်မြင်လိုက်၍ အဗရှလုံထံလျှောက်ထားရာ နှစ်ဦးလုံးအဆောတလျင် ပြေးပြီးလျှင် ဗာဟုရိမ်မြို့သားတစ်ယောက်အိမ်သို့ရောက်သဖြင့် ဝင်း၌ရှိသောရေတွင်းထဲသို့ ဆင်းပုန်းရာ
19 အိမ်ရှင်မသည် တွင်းဝကိုဖုံးပြီးမှ ဆန်လှန်း၍ ထားသောကြောင့်၊ မရိပ်မိကြချေ။
20 အဗရှလုံ၏အမှုထမ်းတို့သည် ထိုအိမ်သို့ထပ်ရောက်လျက် အဟိမတ်နှင့်ယောနသန်တို့အဘယ်မှာနည်းဟု အိမ်ရှင်မအား မေးလျှင် ချောင်းတစ်ဖက်သို့ကူးသွားကြပြီဟု ပြန်ပြောသည်နှင့် ရှာဖွေမတွေ့သောကြောင့် ယေရုရှလင်မြို့သို့ပြန်သွားကြလေ၏။
21 ထိုအခါ အဟိမတ်နှင့်ယောနသန်တို့သည် ရေတွင်းမှတက်၍ ဒါဝိဒ်မင်းထံသွား ရောက်သတင်းပေးကြသည်မှာ ကိုယ်တော့်တစ်ဖက်၌ ဤသို့သောအကြံကို အဟိသောဖေလ ပေးပါပြီ။ ထိုကြောင့် အမြန်ထ၍ မြစ်ကိုကူးချီတော်မူပါဟု တင်လျှောက်သည့်အတိုင်း
22 ဒါဝိဒ်မင်းနှင့်နောက်တော်ပါအပေါင်းတို့သည်ထ၍ ယော်ဒန်မြစ်ကိုကူးချီကြ၏။ မိုးသောက်သော်၊ မကူးသေးသူတစ်ယောက်မျှမရှိချေ။
23 အဟိသောဖေလသည် ကိုယ်ပေးသောအကြံသို့မလိုက်ကြသည်ကို သိမြင်သဖြင့်၊ မြည်းကိုကတင်ပြီးလျှင် နေရင်းမြို့ရောက်စီးသွား၍ အိမ်မှုရေးရာကိုစီမံပြီးမှ ဆွဲကြိုးချလျက်သေလွန်ရာ အဘသင်္ချၖိုင်းတွင် သင်္ဂြိုဟ်ကြလေ၏။
24 ဒါဝိဒ်မင်းသည် မဟာနိမ်မြို့သို့ရောက်၏။ အဗရှလုံလည်း ဣသရေလရဲမက် အပေါင်းတို့ပါ ယော်ဒန်မြစ်ကိုကူးချီလေ၏။
25 အဗရှလုံသည် ယွာဘနေရာ၌အာမသကို ဗိုလ်ချုပ်ခန့်ထား၏။ အာမသကား နာဟတ်သမီး၊ ယွာဘအမိဇေရုယာ၏ညီမ အဘိဂဲလနှင့်သင့်မြတ်သော ဣသရေအမျိုး ယေသာ၏သားဖြစ်သတည်း။
26 အဗရှလုံသည် ဣသရေလရဲမက်တို့နှင့်တကွ၊ ဂိလဒ်နယ်တွင်တပ်စွဲလေ၏။
27 မဟာနိမ်မြို့သို့ ဒါဝိဒ်မင်းရောက်သောအခါ အမ္မုန်ပြည်၊ ရဗ္ဗာမြို့နေ၊ နာဟတ်သား ရှောဘိ၊ လောဒေဗာမြို့နေ၊ အမျေလသားမာခိရ၊ ဂိလဒ်နယ်၊ ရောဂေလိမ်မြို့သား ဗာဇိလဲ တို့သည်
28-29 တောတွင်တပ်တော်သားတို့ ရေစာငတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟု အောက်မေ့၍ ဒါဝိဒ်မင်းနှင့်နောက်တော်ပါတို့စားသောက်ရန် ဂျုံ၊ ဆန်၊ မုယောဆန်၊ မုန့် ညက်၊ မုန့်ဆန်းနှစ်မျိုး၊ ပဲကြီး၊ ပဲကြား၊ ပျားရည်၊ နို့ဓမ်း၊ မလိုင်များနှင့် သိုး၊ ဆိတ်မှစ၍ အိပ်ရာ၊ ဖလား၊ မြေအိုးများကို ဆောင်ယူဆက်သကြ၏။