25
ရှမွေလကွယ်လွန်သောအခါ ဣသရေလတစ်မျိုးလုံးစုရုံး၍ ငိုကြွေးမြည်တမ်းမှုကိုပြုပြီးလျှင် ရာမမြို့၊ သူ့ကျောင်းတွင်း၌ပင် သင်္ဂြိုဟ်ကြကုန်၏။ ဒါဝိဒ်လည်း ပါရန်တောသို့ဆင်းသွားလေ၏။
ထိုအခါ သိုးသုံးထောင်၊ ဆိတ်တစ်ထောင်ရဟတ်သော မောနအရပ်သားတစ်ဦးသည် ကရမေလ အရပ်တွင် အလုပ်တာဝန်ရှိသည့်အတိုင်း သိုးများကိုအမွေးညှပ်လျက်နေ၏။ သူ့အမည်ကား နာဗလ မယားကား၊ အဘိဂဲလတည်း။ ထိုမိန်းမသည် ရှုချင်ဖွယ်အဆင်းနှင့် ဉာဏ်ကောင်း၏။ ကာလက်အမျိုးသားဖြစ်သော ထိုယောက်ျားမူကား၊ ရက်စက်ကြမ်းကြုတ်သော အကျင့်သဘောရှိ၏။ တောတွင်ခိုနေသောဒါဝိဒ်သည် နာဗလသိုးမွေးညှပ်လျက်ရှိကြောင်းကိုကြားလျှင် ငယ်သားတစ်ကျိပ်တို့အား နာဗလရှိရာကရမေလအရပ်သို့ သွားကြလော့။ ထိုသူ့ကိုငါ့ကိုယ်စား နှုတ်ဆက်၍ ပြောဆိုရမည်မှာ သင်မှစ၍ ဆွေမျိုးသားချင်းနှင့်တကွ ပိုင်ရှိသမျှပါ အန္တရာယ်ကင်းကြပါစေသော။ 7-8 သင့်သိုးအုပ်ကိုထိန်းကျောင်းသူတို့သည် ကရမေလအရပ်တွင် ကျွန်တော်တို့နှင့်အတူရှိနေသမျှ ကာလပတ်လုံး၊ အရှက်မကွဲရ၊ တစ်ကောင်မျှမပျောက်ရပါ။ သင့်သားငယ်တို့ကိုမေးမူ မှန်ကြောင်း ဝန်ခံ ကြပါလိမ့်မည်။ ယခုမှာ သင့်လူတို့အမွေးညှပ်လျက်ရှိကြောင်း ကျွန်တော်ကြားသည့်အတိုင်း မင်္ဂလာနေ့တွင် ကျွန်တော့်ငယ်သားတို့ရောက်ရှိသည်နှင့်အညီ မျက်နှာသာပေးလျက် လက်ဝယ်ရှိသော မည်သည့်အရာမဆို၊ သင့်ကျွန်ဖြစ်သော သူတို့အားလည်းကောင်း၊ သားဖြစ်သောဒါဝိဒ်အားလည်းကောင်း၊ ပေးသနား ပါဟူ၍ မှာထားစေလွှတ်သည့်အတိုင်း ငယ်သားတို့ရောက်လာ၍ ဒါဝိဒ်ကိုယ်စား ထိုသို့သောစကားများကို နာဗလအား ပြန်ကြားပြီး လျှင် တိတ်ဆိတ်စွာနေကြလေ၏။ 10 နာဗလကလည်း၊ ဒါဝိဒ်ဆိုသူကား မည်သူနည်း၊ ယေရှဲသားဆိုသူကား မည်သူနည်း။ ယခုသမ ယတွင် အရှင့်ထံမှထွက်ပြေးသောကျွန်များစွာရှိပါတကား။ 11 ကိုယ်စားဖွယ်သောက်ရာနှင့် အမွေးညှပ်သူတို့အဖို့စီရင်ခဲ့သော အမဲဟင်းလျာများကို ငါနုတ်၍ မသိသောအလေအလွင့်တို့အား ပေးရမည်လောဟုဆိုလိုက်သော် 12 ဒါဝိဒ်၏ငယ်သားတို့သည် ကျောခိုင်းလျက် ပြန်သွားပြီးမှ ထိုသို့သောစကားကို ဒါဝိဒ်အားပြန်ကြားလေ၏။ 13 ထိုအခါအပေါင်းပါတို့အား ဒါဝိဒ်က၊ ကိုယ်စီကိုယ်ငှဓားကို ပတ်စည်းကြလော့ဟု ဆင့်ဆိုသည့် အတိုင်း ဒါဝိဒ်မှစ၍ အသီးအသီးတို့သည် ဓားကိုပတ်စည်းကြပြီးလျှင် လူနှစ်ရာကို စခန်းစောင့်စေ၍ ဒါဝိဒ်နှင့်အတူ လေးရာခန့်လိုက်ပါကြလေ၏။
14 နာဗလမယားအဘိဂဲလအား ငယ်သားတစ်ယောက်ပြောကြားသည်မှာ ကျွန်တော်တို့သခင့်ထံ နှုတ်ဆက်ရန် တောမှတမန်တို့ကို ဒါဝိဒ်စေလွှတ်ရာ၊ 15 သခင်ငေါက်ငမ်းလိုက်ပါ၏။ ကျွန်တော်တို့သည် ထိုသတိနှင့်ရောနှောသွားလာသောအခါ အလွန်ကျေးဇူးပြုကြသဖြင့် အရှက်မကွဲရ၊ တစ်ကောင်မျှမပျောက်ရပါ။ 16 စားကျက်တွင် ထိန်းကျောင်းစဉ်အခါလည်း သူတို့သည် နေ့ညဉ့်မဟူ ခြံစည်းသဖွယ်ဖြစ်ကြပါ ၏။ 17 ယခုမှာ ကျွန်တော့်သခင်မှစသော ဆွေမျိုးသားချင်းအပေါင်းတို့၌ ဘေးအန္တရာယ်ဆုံးဖြတ်ပြီး ဖြစ်၍ မည်သို့ပြုအပ်သည်ကို သခင်မ ဆင်ခြင်အောက်မေ့ပါလော့။ သခင့်မူကား၊ တရားမဲ့သော ကြောင့် မလျှောက်ဝံ့ပါဟုဆိုသော် 18-19 အဘိဂဲလသည် လင်နာဗလမသိစေဘဲ မုန့်လုံးနှစ်ရာ၊ စပျစ်ရည်နှစ်ပုံး၊ ချက်ပြီးသိုးငါးကောင့် အသား၊ မုန့်ဆန်းတစ်တင်းတစ်စိတ်၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ သဖန်းပြဉ်နှစ်ရာများကို မြည်းပေါ်သို့ အမြန်တင်ပြီးလျှင် သွားနှင့်ကြလော့။ ငါလိုက်ခဲ့မည်ဟု ငယ်သားတို့အား ဆိုသည့်အတိုင်း 20 မြည်းစီးလျက် ဆင်းသွားစဉ် တောင်ကွယ်ရာတွင် ချီလာသောဒါဝိဒ်နှင့် အပေါင်းပါတို့ကို ရင်ဆိုင်တွေ့ဆုံလေ၏။ 21 ဒါဝိဒ်မူကား ထိုသူပိုင်သိုးတစ်ကောင်မျှ မပျောက်စေရန် တောတွင်စောင့်ရှောက်သော ကျေးဇူးသည် မုချအချည်းနှီးဖြစ်လေပြီ။ အကောင်းအစား အဆိုးကို သူဆပ်လေပြီ။ 22 နံနက်မိုးလင်းသော်၊ သူနှင့်တော်စပ်သူယောက်ျားဟူသမျှကို မသတ်ခဲ့လျှင် ဘုရားသခင် သည် ငါဒါဝိဒ်အပေါ်တွင် သာ၍အပြစ်စီရင်ပါစေသောဟု ပြဌာန်းနှင့်သတည်း။ 23 အဘိဂဲလသည် ဒါဝိဒ်ကိုမြင်လျှင် မြင်ချင်း မြည်းပေါ်မှဆင်း၍ ရှေ့တွင်ပျပ်ဝပ်ရှိခိုးလေ၏။ 24 ခြေရင်းတွင် ထိုသို့ပျပ်ဝပ်လျက် အိုအရှင်ဘုရား၊ ကျွန်မအပေါ်တွင်သာ အပြစ်ဝန်တင်တော်မူ ပါ။ ကျွန်မအား အရှင့်ထံအသနားခံခွင့်ပေး၍ ကျွန်မ၏လျှောက်ချက်ကို နားစိုက်တော်မူပါ။ 25 နာဗလခေါ် ထိုတရားမဲ့သူ့ကို အရှင်အရေးယူတော်မမူပါလင့်။ အမည်အလိုက် သဘောရှိပါ၏။ နာဗလဟူသည်နှင့်အညီ ဗာလဖြစ်ပါ၏။ ကျွန်တော်မျိုးမလည်း၊ အရှင်စေလွှတ်သောငယ်သားတို့ကို မတွေ့လိုက်ရပါ။ 26 ယခု၊ ထာဝရဘုရား၏အသက်တော်နှင့် ကိုယ်တော့်အသက်ရှင်သည့်အတိုင်း ကာယကံမြောက်၊ အသွေးသွန်း၍ အောင်မြင်ပြစ်ကို ထာဝရဘုရားကန့်ကွက်တော်မူပြီဖြစ်သောကြောင့် အရှင့်အသက် အန္တရာယ်ကို ရှာကြံသောရန်သူတို့သည် နာဗလကဲ့သို့ဖြစ်ကြပါစေသော။ 27 အရှင့်အဖို့ ယခုပါလာသောလက်ဆောင်ကို နောက်ပါငယ်သားတို့အား သိမ်းခွင့်ပြုတော်မူပါ။ 28 ကျွန်တော်မလွန်ကျူးမိသောပြစ်မှုကို ကန်တော့တောင်းပန်ပါ၏။ ထာဝရဘုရား၏စစ်မှုကို အရှင်ထမ်းဆောင်သည်နှင့်အညီ အရှင့်အမျိုးအနွယ်ကို ထာဝရဘုရားတည်မြဲစေတော်မူပါလိမ့်မည်။ အရှင်၌လည်း အသက်ထက်ဆုံးဘေး​ရောက်မည်မဟုတ်ပါ။ 29 အရှင့်အသက်အန္တရာယ်ကို လိုက်ရှာသူတို့ ထကြွသော်လည်း အရှင်၏ဘုရားသခင်ထာဝရ ဘုရားထံ အသက်ရတနာကြုတ်တွင် အရှင့်အသက်ကိုထည့်ပိတ်၍ ထားပါစေသော။ ရန်သူတို့အသက် ကိုကား လွှဲပစ်သောလောက်စာကဲ့သို့ ပစ်တော်မူပါစေသော။ 30 ထာဝရဘုရားသည် မင်္ဂလာကတိထားတော်မူသည့်အတိုင်း အရှင်၌ပြည့်စုံ၍ ဣသရေလလူမျိုး အပေါ်တွင် မင်းဖြစ်စေတော်မူသောအခါ 31 အကြောင်းမဲ့အသွေးသွန်း၍ အောင်မြင်ရသောအမှုသည် အရှင်၌နောင်တသံဝေဂရရန် အကြောင်းရှိတော့မည်မဟုတ်ပါ။ ထာဝရဘုရားသည် အရှင်အား ထိုသို့သောမင်္ဂလာပြုတော်မူ သည့်ကာလ၊ ကျွန်မကို သတိရတော်မူပါဟု လျှောက်လေ၏။ 32 ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့်တွေ့ဆုံရန် သင့်ကိုစေလွှတ်တော်မူသော ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ 33 သင့်ကောင်းသောဉာဏ်လည်း မင်္ဂလာရှိပါ၏။ ယနေ့ကာယကံမြောက် အသွေးသွန်း၍ အောင်မြင်ပြစ်ကို တားမြစ်သူသင်၌ မင်္ဂလာရှိ၏။ 34 မုချဆိုသော် သင်တို့၌ငါပြုအံ့သောအန္တရာယ်ကို ကန့်ကွက်တော်မူသော ဣသရေလူမျိုး၏ ဘုရားသခင်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း သင်သည်အဆောတလျင် လာရောက် မတွေ့မဆုံလျှင် မိုးမလင်းမီ နာဗလနှင့်တော်စပ်သူ ယောက်ျားဟူသမျှကို သတ်လေပြီဟု အဘိဂဲလ အားပြောဆိုလျက်၊ 35 သူ၌ပါသောလက်ဆောင်ကို ခံယူပြီးလျှင် သင့်စကားကို ငါလိုက်နာ၍ မျက်နှာသာပေးပြီ။ နေအိမ်သို့အကြည်အသာပြန်သွားလော့ဟုဆိုလေ၏။ 36 အဘိဂဲလလည်း နာဗလထံပြန်ရောက်၍ ဘုရင်တို့ကျင်းပသောပွဲကဲ့သို့ပြုလုပ်လျက် မူးယစ်ရွှင် လန်းစွာနေသော နာဗလကိုတွေ့ရာ၊ မိုးမလင်းမီအတွင်း မည်သည်ကိုမျှ မပြောမကြားရချေ။ 37 မိုးလင်း၍ နာဗလအယစ်ပြေသောအခါ ဆိုခဲ့သောအခြင်းအရာများကို မယားပြောလျှင် ပြောချင်း ကျောက်တိုင်သဖွယ်သေငယ်ဇောနှင့် မြောနေရာ၊ 38 ဆယ်ရက်ခန့်ရှိသော်၊ ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် သေလေ၏။ 39 နာဗလသေကြောင်းကြားသော်၊ ဒါဝိဒ်က၊ ကိုယ်တော့်ကျွန်လွန်ကျူးအံ့သော ပြစ်မှုကိုဖယ်ရှား လျက် နာဗလကဲ့ရဲ့သောအမှုကို ချေပတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ထာဝရဘုရားသည် နာဗလ၏ဒုစရိုက်ကို ချင့်ဦးထိပ်ထက်တုံ့ပြန်တော်မူပြီဟု ဆိုပြီးမှ အဘိဂဲလကို ကြင်ဘက်ပြုရန် အောင်တမန်များကိုစေလွှတ်၍ 40 ကရမေလအရပ်သို့ အဘိဂဲလထံရောက်ကြသောအခါ ဒါဝိဒ်သည် အရှင်မကို ကြင်ဘက်အဖြစ် ခေါ်ဆောင်ရန် ကျွန်တော်တို့အား စေခိုင်းလိုက်ပါသည်ဟု ပြောဆိုကြလျှင် 41 အဘိဂဲလထ၍ ကျွန်မသည် အရှင့်ကျွန်တို့၏ ခြေကိုပင် ဆေးသောကျွန်မိန်းမဖြစ်ပါသည်ဟု ဝန်ခံလျက် ပျပ်ဝပ်ပြီးလျှင် အမြန်ထသဖြင့် 42 နောက်ပါကျွန်မိန်းမငါးယောက်နှင့် မြည်းစီးလျက် အောင်တမန်တို့နောက်သို့လိုက်၍ ကြင်ဘက်မျှလေ၏။ 43 ဒါဝိဒ်သည် ယေဇရေလမြို့သူအဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်နှင့် ကြင်ဘက် ပြုလေ၏။ 44 ဒါဝိဒ်ခင်ပွန်းဖြစ်သော သမီးတော်မိခါလကိုကား ဂလ္လိမ်မြို့နေ လဲရှသားပါလတိနှင့် ရှောလု မင်းထိမ်းမြားပြီးဖြစ်သတည်း။