2
1 ဟန္နထောမနာလျှောက်သည်မှာ ထာဝရဘုရား၌ ကျွန်မစိတ်ရွှင်လန်းလျက်၊ ထာဝရဘုရား ကြောင့် ဦးချိုရှည်မြင့်ရပါ၏။ ကယ်တင်ခြင်းကျေးဇူးတော်နှင့်အားရလျက်၊ ရန်သူတို့တစ်ဘက်တွင် နှုတ်ဖွင့်ရပါ၏။
2 ထာဝရဘုရားနှင့်တူမျှသော သန့်ရှင်းသူပုဂ္ဂိုလ်မရှိ။ ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိ။ ငါတို့ဘုရားနှင့်တူမျှသောကျောက်တောင်တော်မရှိပါချေ။
3 မောက်မာများပြားသောစကားနှင့် စော်ကားသောစကားများကို နှုတ်မမြွက်ကြနှင့်။ ထာဝရ ဘုရားသည် အသိပညာနှင့်ပြည့်စုံသောဘုရားဖြစ်၍၊ အပြုအကျင့်များကို ချင့်ချိန်တော်မူ၏။
4 အစွမ်းကောင်းသူတို့၏လေးများကျိုးပြတ်လျက် လဲလွယ်သူတို့သည် ခွန်အားစည်းနှောင် ရကြပါပြီ။၊
5 ပြည့်ဝသူတို့သည် သူရင်းခစားရ၍၊ မွတ်သိပ်သူတို့ကား ချင်ရဲပြေကြပါပြီ။ မြုံသောမိန်းမသည်သားခုနစ်ယောက်ဖွားမြင်၍ သားများသောမိန်းမကား ယုတ်လျော့ပါပြီ။
6 ထာဝရဘုရားသည် သေစေခြင်းရှင်စေခြင်းကိုလည်းကောင်း မရဏာနိုင်ငံသို့သက်စေခြင်း၊ တက်စေခြင်းကိုလည်းကောင်း စီမံတော်မူပါ၏။
7 ထာဝရဘုရားသည်ဆင်းရဲခြင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း နှိမ့်ချခြင်း၊ ချီးမြှင့်ခြင်းကိုလည်းကောင်း၊ စီရင်တော်မူပါ၏။
8 မြေပထဝီထောက်တိုင်များကို ထာဝရဘုရားပိုင်၍ လောကဓာတ်ကိုတင်ထားတော်မူပြီး သည့်နှင့်အညီ ဆင်းရဲသူတို့ကို မြေမုန့်ထဲကချီးမြှင့်လျက် နွမ်းပါးသူတို့ကို အမှိုက်ပုံထဲက တင်မြှောက် ပြီးလျှင် မှူးမတ်တို့နှင့်အတူနေရာချသဖြင့် ဘုန်းကြီးသောပလ္လင်တော်ကို ဆက်ခံစေတော်မူ၏။
9 ဘုရားတရားကြည်ညိုသူတို့၏ခြေကို စောင်မတော်မူလိမ့်မည်။ လူဆိုးတို့မူကား အမိုက်မှောင်တွင် ဆိတ်ဆိတ်နေရကြလတ္တံ့။ အစွမ်းသတ္တိဖြင့် မည်သူမျှနိုင်မည်မဟုတ်ချေ။
10 ထာဝရဘုရားနှင့်ပြိုင်ဘက်သူတို့သည် ကျိုးပဲ့လိမ့်မည်။ ၎င်းတို့အထက်မိုးခြုန်းစေတော်မူ လိမ့်မည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် ဆုံးဖြတ်တော်မူသဖြင့် ခန့်ထားသောဘုရင် မင်းကို ခွန်အားနှင့်ပြည့်စုံစေ၍ ဘိသိက်တော်ခံအရှင်၏ဦးချိုကို ရှည်မြင့်စေတော်မူလိမ့်မည်ဟု မြွက်ဆိုလေ၏။
11 ထိုနောက် ဧလကာနသည် ရာမမြို့ရှိကိုယ့်နေအိမ်သို့ပြန်သွားရာ သူငယ်မူကား၊ ပရောဟိတ်ဧလိရှေ့၊ ထာဝရဘုရားအမှုတော်ကို ဆောင်ရွက်နေလေ၏။
12-13 ဧလိသားတို့သည် တရားမဲ့သူတို့ဖြစ်၍ ထာဝရဘုရားကိုလည်းကောင်း၊ ကိုးကွယ်သူတို့အား ပရောဟိတ်ပြုအပ်သောထုံးကိုလည်းကောင်း၊ မမှတ်ဘဲ မည်သူမဆို ပူဇော်သောအခါ အမဲသားပြုတ်စဉ်တွင် သုံးခွရှိခက်ရင်းကို ကိုင်ဆောင်သောပရောဟိတ်၏ငယ်သားလာရောက်၍
14 အိုးစသော အသုံး အဆောင်တွင် ထိုးဆယ်လျက် ပါသမျှကိုပရောဟိတ်သိမ်းယူတတ်၏။ ရှိလောမြို့သို့ရောက်လာကြသော ဣသရေလလူမျိုးအပေါင်းတို့အား ထိုသို့ပြုလေ့ရှိသတည်း။
15 ထို့ပြင် ဆီဥကိုမီးမရှို့မီ ပရောဟိတ်၏ငယ်သားသည် လာရောက်၍ ပရောဟိတ်အဖို့ ကင်ရန်အမဲပေးလော့။ ကျက်ပြီးသောအမဲကိုမယူလို။ မချက်သေးသောအမဲကိုသာ ယူလိုသည်ဟု ပူဇော်သူ့အား တောင်းဆိုတတ်၏။
16 ထိုသူက ယခုပင်ဆီဥကို မီးရှို့ပါမည်။ နောက်မှအလိုရှိသည့်အတိုင်း ယူပါဟုဆိုလျှင် ထိုသို့မဟုတ်။ ချက်ချင်းပေးလော့။ မပေးမူ အနိုင့်အထက်ယူလိမ့်မည်ဟု ဆိုတတ်၏။
17 ၎င်းသားတို့သည် ထာဝရဘုရားအားပူဇော်ရန် သက္ကာကို ထိုသို့မထီလေးစားပြုသောကြောင့် ရှေ့တော်တွင် သူတို့အပြစ်ကြီးလေစွတကား။
18 သူငယ်ရှမွေလသည် ပိတ်ကိုယ်ဝတ်ကိုဝတ်ဆည်းလျက် ထာဝရဘုရားရှေ့အမှုတော်ကိုဆောင် ရွက်လေ၏။
19 နှစ်စဉ်ပူဇော်မြဲပူဇော်ရန်၊ အမိအဘတို့ရောက်ရှိလာသောအခါ အမိသည် သားအဖို့ ချုပ်လုပ်သော အကျီငယ်တစ်ထည်ကို နှစ်တိုင်းယူခဲ့ရာ
20 ဧလိက၊ ထာဝရဘုရားအား ဆက်နှင်းသောသားအစား ဤမိန်းမတွင်အမျိုးအနွယ်ကိုပေးတော် မူပါစေသောဟူ၍ ဧလကာနသမီးခင်ပွန်းတို့ကို ကောင်းကြီးပေးသည်နှင့် သူတို့သည် ကိုယ့်နေအိမ်သို့ ပြန်သွားလေ့ရှိကြ၏။
21 ထာဝရဘုရားကြည့်ရှုတော်မူသဖြင့် ဟန္နသန္ဓေရ၍ သားသုံးယောက်၊ သမီးနှစ်ယောက်တို့ကို ဖွားမြင်လေ၏။ သူငယ်ရှမွေလလည်း ထာဝရဘုရားမျက်မှောက်တွင် ကြီးပွားသတည်း။
22 ထိုကာလအိုမင်းသောဧလိသည် ဣသရေလလူမျိုးအပေါင်းတို့၌ သားတို့ပြုကျင့်သမျှကိုလည်းကောင်း၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီး ဝတ်ပြုသောမိန်းမတို့နှင့် မှားယွင်းကြောင်းကိုလည်းကောင်း၊ ကြားသိလျှင်
23 ထိုလူအပေါင်းတို့မှ ငါကြားရသောမကောင်းမှုကို အဘယ်ကြောင့် ပြုကျင့်ကြသနည်း။
24 အိုငါ့သားတို့ ထာဝရဘုရား၏လူမျိုးတော်တို့ပြောဆိုသည်ကို ငါကြားရသောသတင်းကား၊ မကောင်းလေစွ။
25 လူတစ်ဦးကတစ်ဦးကိုပြစ်မှားလျှင် ထာဝရဘုရားသည် စုံရာသမာဓိဖြစ်တော်မူ၏။ ထာဝဘုရား ကိုပြစ်မှားမူ မည်သူဖြန်ဖြေနိုင်သနည်းဟုဆိုသော်လည်း ထာဝရဘုရားသည် အဆုံးစီရင်တော်မူ လိုသည့်အလျောက် အဘစကားကို မလိုက်မနာကြလေ။
26 သူငယ်ရှမွေလကား ကြီးပွားမြဲကြီးပွား၍ ဘုရားသခင့်ရှေ့၊ လူ့ရှေ့ မျက်နှာသာရ၏။
27 ထိုအခါ ဧလိထံရောက်လာသောဘုရားသခင့်လူယုံတော်တစ်ပါးက ထာဝရဘုရား မိန့်တော်မူသည်မှာ အိဂျစ်ပြည်၊ ဖာရောမင်း၏လက်အောက်နေစဉ် သင့်ဘိုးဘေးတို့အား ငါထင်ရှားခဲ့ သည်မဟုတ်လော။
28 ငါ့ပလ္လင်သို့တက်လာလျက် နံ့သာပေါင်းကိုတင်ရှို့ရန်လည်းကောင်း၊ ငါ့ရှေ့တွင်ဧဖုဒ်ရတနာပင့်ဆောင်ရန် လည်းကောင်း၊ ဣသရေလအမျိုးအနွယ်တို့အနက် သင့်ဘိုးဘေးကို ငါ့ပရောဟိတ်အဖြစ်ရွေးကောက်သည့်ပြင် ဣသရေလအမျိုးတို့၏ မီးပူဇော်ရာများကို သင့်ဘိုးဘေးတို့လက်သို့ ငါအပ်ခဲ့သည်မဟုတ်လော။
29 ငါကိန်းဝပ်သောဌာန၌ စီမံသောယဇ်နှင့်ပူဇော်သက္ကာများကိုကန်ကျောက်သည့်ပြင် ငါ့ထက် သင့်သားတို့ကိုမြတ်နိုး၍ ဣသရေလလူမျိုးတော်၏ ပူဇော်သက္ကာအထွဋ်အမြတ်အားဖြင့် ဆူဖြိုး ကြသည်မှာ အဘယ်ကြောင့်နည်း။
30 သို့ဖြစ်၍ သင့်ဘိုးဘေးမှစသောသားစဉ်မြေးဆက်တို့သည် ငါရှေ့တွင် အမြဲသွားလာရမည်ဟု မိန့်ခဲ့သော်လည်း ငါ့ကိုရိုသေသောသူတို့အပေါ်တွင် ဂုဏ်ရှိစေမည်။ ငါ့ကိုမထီမဲ့မြင်ပြုသူတို့ကား အသရေကင်းလိမ့်မည်ဖြစ်သောကြောင့် မိန့်ခဲ့ရင်းအချက် ငါနှင့်ကင်းဝေးစေသတည်းဟု ဣသရေလ လူမျိုး၏ဘုရားသခင်ငါထာဝရဘုရားမိန့်ဆိုပြန်၏။
31 သင့်အမျိုးသားတို့အနက် အိုမင်းသူမရှိစေရန် သင့်လက်ရုံးကိုလည်းကောင်း ဘိုးဘေးတို့လက်ရုံးကိုလည်းကောင်း ငါဖြတ်ရမည့်အချိန်နီးလှပြီတကား။
32 သင်မူကား ဣသရေလအမျိုးခံစားသမျှသောစည်းစိမ်တွင် ကိုယ်အိုးအိမ်ဆင်းရဲသည်ကို ရှုမြင်ရ၍ သင့်အမျိုးသားတို့အနက် အိုမင်းသူမည်သည့်အခါမျှ ရှိရတော့မည်မဟုတ်ချေ။
33 ငါ့ပလ္လင်တော်မှ ပယ်စွန့်တော်မူခြင်းခံရမည်မဟုတ်သော၊ သင့်ညာတိဖြစ်သူလည်း သင့်မျက်စိ အားကုန်စေခြင်းငှါလည်းကောင်း၊ စိတ်ပျက်စေခြင်းငှါလည်းကောင်း ဖြစ်မည့်ပြင် သားစဉ်မြေးဆက်အပေါင်းတို့သည် လူ့ဓားကြောင့် သေရကြလတ္တံ့။
34 သားဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့အပေါ်၌ သင်သိမှတ်ရန်ကျရောက်သော နိမိတ်လက္ခဏာဟူမူကား နှစ်ဦးလုံးတို့သည် တစ်နေ့တည်းသေရကြလိမ့်မည်။
35 ငါသည် စိတ်အလိုတော်အတိုင်းလိုက်နာ၍ သစ္စာစောင့်သောပရောဟိတ်တစ်ဦးကို ပေါ်ထွန်း စေပြီးလျှင် ၎င်းအမျိုးသားတို့ကို အမြဲတည်စေသဖြင့် ဘိသိက်တော်ခံမင်းရှေ့အစဉ်မပြတ် သွားလာရလိမ့်မည်။
36 ထိုအခါ သင့်အမျိုးသားတို့အနက် ကြွင်းကျန်သူတိုင်း ထိုသူ့ထံလာ၍ ကျွန်တော်တစ်လုပ်စားရစေရန် ပရောဟိတ်ဆိုင်သောနေရာတစ်ခုခုတွင် ကျွန်တော်ကိုခိုင်းပါဟု အခငွေ နှင့်မုန့်တစ်လုံးအတွက် ဝပ်လျှိုးတောင်းပန်လိမ့်မည်ဟူ၍ အမိန့်တော်ကို ဆင့်ဆိုလေ၏။