15
တစ်ဖန် ရှမွေလက၊ ထာဝရဘုရားသည် လူမျိုးတော် ဣသရေလအပေါ်တွင် သင့်ကိုဘုရင်အဖြစ် ဘိသိက်သွန်းခြင်းငှါ ငါ့ကိုစေလွှတ်တော်မူခဲ့ပြီ။ ထိုကြောင့် ထာဝရဘုရား၏အမိန့်တော်ကို နာခံဦးလော့။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား မိန့်တော်မူသည်မှာ အိဂျစ်ပြည်မှထွက်လာသောလမ်းခရီးတွင် ဣသရေလလူမျိုးအား အာမလက်လူမျိုးပြုသော ကန့်ကွက်မှုကို ယခုငါဆပ်ပေးတော့မည်ဖြစ်၍ ထိုလူမျိုးကိုသွားရောက်လုပ်ကြံလော့။ မည်သည့်အရာကိုမျှ မချန်မလှပ်ဘဲ မြေလှန်လျက် ယောက်ျား၊ မိန်းမ၊ နို့ညှာ၊ နို့စို့မှစ၍ နွား၊ သိုး၊ ဆိတ်၊ ကုလားအုပ်၊ မြည်းများကိုသုတ်သင်လော့ ဟူသောအမိန့်တော်ကို ရှောလုမင်းအား ဆင့်ဆိုသည့်အတိုင်း ရှောလုမင်းသည် ဗိုလ်ထုကိုစုရုံး၍ တေလိမ်မြို့၌ ကြည့်ရှုစစ်ဆေးရာ ခြေသည်သူရဲနှစ်သိန်း၊ ယုဒရဲမက်တစ်သောင်းရှိသည်နှင့်အညီ အာမလက်မြို့သို့ချီပြီးလျှင်၊ ၎င်းချိုင့်၌တပ်စွဲလျက် ကေနိလူမျိုးတို့အား အိဂျစ်ပြည်မှထွက်လာသောဣသရေလအမျိုးသားအပေါင်းတို့ကို သင်တို့ ပြုခဲ့ဘူးသောကျေးဇူးကြောင့်၊ အာမလက်လူမျိုးနှင့် ပျက်စီးရာမပါစေခြင်းငှါ၊ ထိုလူမျိုးအတွင်းမှ ထွက်ခွာ၍ သွားကြလော့ဟု အမှာတော်အတိုင်း ထွက်သွားကြပြီးနောက် ရှောလုမင်းသည် ဟဝိလမြို့မှစ၍ အိဂျစ်ပြည်အရှေ့၊ ရှုရမြို့တိုင်အောင် အာမလက်လူမျိုးကိုလုပ်ကြံလေ၏။ အာမလက်ဘုရင် အာဂတ်မင်းကို လက်ရဖမ်း၍ ပြည်သူပြည်သားအပေါင်းကို ဓားဖြင့်လုပ် ကြံဖျက်ဆီးလေ၏။ ရှောလုမင်းနှင့် ဗိုလ်ထုတို့သည် အာဂတ်မင်းမှစ၍ သိုး၊ ဆိတ်၊ နွား၊ ဆူဖြိုးသောသိုးသားငယ်၊ အကောင်းဆုံးအမြတ်ဆုံးဟူသမျှကို မြေလှန်ရာမပါစေဘဲ ချန်လှပ်လျက် အညံ့အဖျင်းဟူသမျှကို ပါစေကြ၏။
10 ထိုအခါ ရှမွေလသို့ ထာဝရဘုရား၏ဗျာဒိတ်တော်ရောက်လာ၍၊ 11 ငါသည် ရှောလုကို ဘုရင်တင်မြှောက်ခဲ့သောကြောင့် စိတ်တော်မသာမယာဖြစ်လေပြီ။ အမိန့် တော်များကို သူမလိုက်မနာ၊ ငါ့ထံမှတွန့်ဆုတ်လေပြီဟု မိန့်တော်မူလျှင် ရှမွေလသည် ဒေါသခုခံ၍ ထာဝရဘုရားအား တစ်ညဉ့်လုံးပဌနာပြုပြီးမှ 12 နံနက်အချိန်ထ၍ ရှောလုမင်းကို တွေ့ခြင်းငှါ သွားရာ ရှောလုမင်းသည် ကရမေလမြို့သို့ ရောက်ရာတွင် အောင်လံစိုက်ထူလျက် လှည့်လည်လွန်သွားသဖြင့် ဂိလဂါလမြို့သို့ရောက်သော သတင်းကိုကြားသည့်အတိုင်း 13 ရှောလုမင်းထံဝင်ရောက်သော်၊ ရှောလုမင်းက၊ ကိုယ်တော်သည် ထာဝရဘုရားအထံတော်မှ မင်္ဂလာခံရပါစေသော။ ထာဝရဘုရားအမိန့်တော်ကို အကျွန်ုပ်အတည်ပြုခဲ့ပါပြီဟု လျှောက်ထားလေ၏။ 14 သို့ဖြစ်လျှင် ငါကြားရသောသိုးသံ၊ နွားသံများကား၊ 15 မည်သို့နည်းဟုရှမွေလမေးသော်၊ ရှောလုမင်းက၊ ဗိုလ်ထုသည် ကိုယ်တော့်ဘုရားသခင်ထာဝရ ဘုရားအား ပူဇော်ရန် သိုး၊ နွားအကောင်းဆုံးတို့ကိုချန်လှပ်၍ အာမလက်လူမျိုးလက်မှ သိမ်းယူခဲ့ပါ ပြီ။ ကြွင်းသမျှကိုကား မြေလှန်ရာပါစေခဲ့ပါပြီဟု ပြန်လျှောက်၏။ 16 ရှမွေလက၊ နားထောင်ဦးလော့။ ယမန်နေ့ညဉ့်ငါ့အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကို ပြန်ကြားမည်ဟု ဆိုလျှင်၊ ပြန်ကြားတော်မူပါဟု ရှောလုမင်းလျှောက်သည့်အတိုင်း 17 ရှမွေလက၊ သင်သေးနုပ်သည်ဟုကိုယ်ကိုထင်မှတ်လျက်ပင်၊ ဣသရေလအမျိုးအနွယ်တို့၏ မကိုဋ်ဖြစ်သည်မဟုတ်လော။ ဣသရေလလူမျိုးအပေါ်တွင် ဘုရင်အဖြစ်သင့်ကိုထာဝရဘုရားဘိသိက် သွန်းတော်မူပြီးလျှင် 18 အပြစ်သားဖြစ်သော အာမလက်ပြည်သူပြည်သားတို့ကို မြေလှန်ရန်ခရီးသွားလျက်၊ အကုန်အစင်ပျက်ပြုန်းသည့်တိုင်အောင် စစ်တိုက်လော့ဟူသောအမိန့်နှင့် လွှတ်လိုက်တော်မူ၏။ 19 သို့ဖြစ်လျက် လက်ရဥစ္စာကို တစ်ဟုန်တည်းသိမ်းယူ၍ ထာဝရဘုရားမျက်မှောက်တော်၍ ဆိုးသွမ်းမှုကိုပြုကျင့်သဖြင့် အမိန့်တော်ကိုအဘယ်ကြောင့် လွန်ဆန်ဘိသနည်းဟုမေးသော် 20 ရှောလုမင်းက၊ အကျွန်ုပ်သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာခဲ့ပါပြီ။ စေလွှတ် တော်မူရာလမ်းတွင်လိုက်၍ အာမလက်ဘုရင်အာဂတ်မင်းကို သိမ်းယူလျက်၊ ပြည်သူပြည်သား တို့ကိုမြေလှန်ခဲ့ပါပြီ။ 21 ဗိုလ်ထုမူကား၊ ကိုယ်တော့်ဘုရားသခင် ထာဝရဘုရားအား ဂိလဂါလမြို့တွင် ပူဇော်ရန် မြေလှန် အပ်သောလက်ရဥစ္စာအကောင်းအမြတ်အနက် သိုး၊ နွားများကို ဆောင်ခဲ့ကြပါပြီဟု ပြန်လျှောက်၏။ 22 ရှမွေလကလည်း၊ အမိန့်တော်အတိုင်း လိုက်နာခြင်းကို ထာဝရဘုရားနှစ်သက်တော်မူသည့် နည်းတူ မီးရှို့ရာသက္ကာမှစ၍ သက္ကာအမျိုးမျိုးကို နှစ်သက်တော်မူသလော။ လိုက်နာခြင်းသည် ပူဇော်ခြင်းထက်လည်းကောင်း၊ နားထောင်ခြင်းသည် သိုးထီးဆီဥထက်လည်းကောင်း မြတ်လှ၏။ 23 လွန်ဆန်မှုသည် နတ်ဟောခြင်းပြစ်မှုနှင့်လည်းကောင်း၊ မခန့်ညားမှုသည် ရုပ်တုကိုးကွယ်ခြင်းပြစ်မှုနှင့် လည်းကောင်း၊ တူမျှ၏။ ထာဝရဘုရား၏အမိန့်တော်ကို သင်ပယ်သောကြောင့် ထာဝရဘုရားလည်း သင့်ကို ဘုရင့်အဖြစ်မှ ပယ်တော်မူပြီဟုဆိုရာ အကျွန်ုပ်ပြစ်မှားမိပါပြီ။ 24 ဗိုလ်ထုကို လန့်၍သူတို့စကားကိုလိုက်နာသည့်အားဖြင့် ထာဝရဘုရား၏ပညတ်တော်ကိုလည်းကောင်း၊ ကိုယ်တော့်အမိန့်ကိုလည်းကောင်း ကျူးလွန်မိပါပြီ။ 25 အပြစ်ကိုချမ်းသာပေးတော်မူပါ။ ထာဝရဘုရားကိုရှိခိုးခွင့်ရစေရန် အကျွန်ုပ်နှင့်အတူ ပြန်လှည့် တော်မူပါဟု ရှောလုမင်း လျှောက်ထားသော် ရှမွေလက သင်နှင့်ငါမပြန်။ 26 ထာဝရဘုရား၏အမိန့်တော်ကို သင်ပယ်သောကြောင့် ထာဝရဘုရားလည်း သင့်ကိုဣသရေလ လူမျိုး၏ဘုရင်အဖြစ်မှ ပယ်တော်မူပြီဟုဆိုပြီးလျှင် 27 သွားအံ့သောငှါလှည့်စဉ်၊ ရှောလုမင်းသည် ဝတ်လုံမြိတ်ကို ကိုင်ဆွဲသဖြင့် စုတ်ပြတ်သောအခါ 28 ရှမွေလက၊ ယနေ့ထာဝရဘုရားသည် ဣသရေလတိုင်းနိုင်ငံကို သင်မှဆုတ်ဖြတ်၍ သင့်ထက် မြတ်သောသူတထူးအား လွှဲအပ်တော်မူလေပြီ။ 29 ဣသရေလလူမျိုး၏တန်ခိုးရှင်ကား ကတိတော်ပျက်ခြင်း၊ ပြောင်းလဲခြင်းများကို ပြုတော်မူမည် မဟုတ်။ ကိုယ်တော်သည် ပြောင်းလဲရန် လူဖြစ်တော်မူသည်မဟုတ်ဟုဆို၏။ 30 ရှောလုမင်းကလည်း၊ အကျွန်ုပ်ပြစ်မှားမိပါပြီ။ လူမျိုးအကြီးအကဲတို့ရှေ့တွင်လည်းကောင်း ဣသရေလ ပရိသတ်အလယ်တွင်လည်းကောင်း၊ ဂုဏ်အသရေမပျက်စေဘဲ ကိုယ်တော့်ဘုရားသခင်ထာဝရဘုရားကို ရှိခိုးခွင့်ရစေရန် အကျွန်ုပ်နှင့်အတူ ပြန်လှည့်တော်မူပါဟု လျှောက်သည့်အတိုင်း 31 ရှမွေလသည် ရှောလုမင်းနောက်သို့ပြန်လိုက်သဖြင့် ထာဝရဘုရားကို ရှောလုမင်းရှိခိုးရလေ၏။
32 ထိုအခါ ရှမွေလက၊ အာမလက်ဘုရင်အာဂတ်မင်းကို ငါ့ထံသို့သွင်းခဲ့လော့ဟု မိန့်ဆိုသည့် အလျောက် အာဂတ်မင်းသည် ခါးစွာသောသေဘေးမုချလွန်သွားပြီဟူသော အထင်နှင့် နှောင်ကြိုး တဲလျက်ဝင်လာရာ 33 ရှမွေလက၊ သင့်ဓားဘေးဖြင့် မိန်းမများတို့သားဆုံးရသည့်နည်းတူ သင့်အမိလည်း သားဆုံးသောမိန်းမဖြစ်ရလိမ့်မည်ဟု မိန့်ဆိုလျက် ဂိလဂါလမြို့တွင် ထာဝရဘုရားမျက်မှောက်၌ အာဂတ်မင်းကိုကွပ်မျက်လေ၏။ 34 ထိုနောက် ရာမမြို့သို့ရှမွေလပြန်သွားလျှင် ရှောလုမင်းသည် နေရင်းဂိဗာမြို့ရှိ နန်းတော်သို့ ဝင်လေ၏။ 35 ရှမွေလသည် ရှောလုမင်းအတွက် အလွန်ဝမ်းနည်း၍ မကွယ်လွန်မီတိုင်အောင် ရှောလုမင်း ကိုမကြည့်တော့ချေ။ ထာ၀ရဘုရားလည်း ဣသရေလူမျိုးအပေါ်တွင် ရှောလုကိုဘုရင်တင်မြှောက် သည့်အတွက် စိတ်တော်မသာမယာဖြစ်တော်မူသတည်း။