5
ပလ္လင်တော့်ထံစံတော်မူသော အရှင်၏ညာလက်တော်၌ တံဆိပ်ခုနစ်ချက်ခပ်နှိပ်လျက် အတွင်းအပြင်ရေးသားပြီး စာတစ်လိပ်ကို ငါမြင်ရသည့်ပြင်၊ ထိုတံဆိပ်ကိုဖျက်၍ စာလိပ်ကိုဖြန့်ခြင်းငှါ မည်သူထိုက်တန်သနည်းဟု၊ ကျယ်သောအသံနှင့် ခွန်အားကြီးသောစေတမန်တော်တစ်ပါး ကြွေးကြော်ရာ၊ မိုးမြေနှင့်မြေအောက်တွင် ထိုစာလိပ်ကိုဖြန့်ကြည့်နိုင်သူမရှိသည်ကို ငါမြင်ရ၏။ ထိုစာလိပ်ကိုဖြန့်ကြည့်ရန် ထိုက်တန်သူတစ်ဦးမျှမရှိသောကြောင့်၊ ငါပြင်းစွာငိုကြွေးသော် ဆိုခဲ့သောအကြီးအကဲတစ်ပါးက၊ မငိုကြွေးနှင့်။ ဒါဝိဒ်မင်း၏အမြစ်အညွန့်၊ ယုဒ၏အနွယ်ဖြစ်သော ကေသရာဇာသည် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ချက်ကိုဖွင့်နိုင်ရန် အောင်မြင်ပြီတကားဟု မြွက်ဆိုပြီးနောက်၊ မြေတစ်ပြင်လုံးသို့စေလွှတ်သည့် ဘုရားသခင့်ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံး၊ ဦးချိုခုနစ်ချောင်းနှင့်စုံလင်လျက် ကွပ်မျက်ခံခဲ့ဟန်ရှိသောသိုးငယ်တော်သည် ပလ္လင်တော်ဗဟို၊ သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ဗဟိုတွင် ရပ်နေ၍၊ ချဉ်းလာပြီးလျှင် ပလ္လင်တော့်ထက်စံတော်မူသောအရှင်၏ညာလက်တော်မှ စာလိပ်ခံယူသည်ကိုငါမြင်ရ၏။ 8-10 ခံယူသည့်ကာလ သတ္တဝါလေးပါးမှစ၍ သီးသန့်ထားတော်မူသူတို့ပဌနာများဖြစ်သော နံ့သာပြည့်သည့် ရွှေဖလားများနှင့်စောင်းများကို ကိုယ်စီကိုင်သူအကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် သိုးငယ်တော်ရှေ့ပျပ်ဝပ်လျက် ကိုယ်တော်သည်ကွပ်မျက်ခံတော်မူသဖြင့် ဘာသာစကားအပုံပုံပြောဆိုသော လူအမျိုးမျိုးအနွယ်နွယ်တို့အနက်၊ ဘုရားသခင့်အဖို့အသွေးတော်နှင့်ဝယ်ယူ၍ ပရောဟိတ်နိုင်ငံတော်အဖြစ် မြေကြီးပေါ်တွင်စိုးစံရန် ခန့်ထားတော်မူပြီးဖြစ်သောကြောင့် စာလိပ်ကိုခံယူ၍ တံဆိပ်များကိုဖွင့်ထိုက်တော်မူပါသည်ဟု ဧချင်းသစ်ဖွဲ့ဆိုကြ၏။ 11 တစ်ဖန်ငါေမျှာ်ကြည့်ရာ ပလ္လင်တော်၊ သတ္တဝါများနှင့် အကြီးအကဲတို့ပတ်လည်ရှိ ကုဋေအသင်္ချေမကသောစေတမန်တော်တို့က၊ 12 ကွပ်မျက်ခံပြီးသော သိုးငယ်တော်သည် တန်ခိုးတော်၊ စည်းစိမ်တော်၊ ပညာတော်၊ အစွမ်းတော်၊ ဂုဏ်တော်၊ ဘုန်းတော်၊ မင်္ဂလာတော်များကို ပိုင်ထိုက်တော်မူပါသည်ဟု ကျယ်သောအသံနှင့်မြွက်ဆိုကြသည်ကို ငါကြားရသည့်ပြင်။ 13 မိုး၊ မြေ၊ ရေနှင့် မြေအောက်တွင်တည်ရှိသမျှသောသတ္တဝါတိုင်းက ပလ္လင်တော့်ထက် စံတော်မူသောအရှင်နှင့်သိုးငယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာတော်၊ ဂုဏ်တော်၊ ဘုန်းတော်၊ တန်ခိုးတော် ကြီးပါစေသတည်းဟု ဩဘာဆက်ကြရာ၊ 14 အာမင်ဟု သတ္တဝါလေးပါးလိုက်ဆိုကြသည်ကိုငါကြားရ၏။ အကြီးအကဲတို့လည်း ပျပ်ဝပ်ရှိခိုးကြကုန်၏။