32
ဆိုခဲ့သည့်အတိုင်း သစ္စာနှင့် ဆောင်ရွက်ပြီးနောက်၊ အာရှုရိဘုရင် သနာခရိပ်မင်းသည် ယုဒပြည်သို့ချီတက်၍၊ ခံတပ်မြို့များကို ဖောက်ဖျက်သိမ်းယူရန်စွဲရပ်ရာ၊ ချီတက်သဖြင့် ယေရုရှလင်မြို့သို့စစ်မျက်နှာမူသည်ကိုဟေဇကိမင်းသိလျှင်၊ မြို့ပြင်ရှိစမ်းရေပေါက်များကိုပိတ်သွင်းရန်၊ မှူးတော်မတ်တော်၊ ရဲဗိုလ်တို့နှင့် တိုင်ပင်သည့် အတိုင်း၊ ကူညီနှိုးဆော်ကြသဖြင့်၊ စုရုံးသောလူအမြောက်အမြားတို့က၊ အာရှုရိဘုရင်ရောက်လာသော်၊ ရေများစွာအဘယ့်ကြောင့် တွေ့ရအံ့နည်းဟုဆိုလျက်၊ စမ်းရေပေါက်ရှိ သမျှနှင့်၊ မြို့ပြင်တွင်စီးသောချောင်းကိုပိတ်သွင်းကြကုန်၏။ ဟေဇကိမင်းလည်း၊ အားယူ၍၊ ပြိုပျက်သောမြို့ရိုးနှင့်ပြင်မြို့ရိုးကိုပြုပြင်လျက်၊ ပြအိုးများကိုလည်း တည်ဆောက်သည့်ပြင်၊ ဒါဝိဒ်မြို့ရှိမိလ္လောပြအိုးကို ခိုင်ခံ့စေပြီးမှ၊ စစ် လက်နက်၊ ဒိုင်းလွှားများစွာကိုလုပ်လေ၏။ စစ်ဗိုလ်များကိုလည်း ခန့်ထား၍၊ မြို့တံခါးအနီးကျယ်ဝန်းရာတွင်စုဝေးစေပြီးလျှင်၊ အာရှုရိဘုရင်နှင့် ဘက်ပါအလုံးအရင်းကြောင့်၊ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ၊ အားယူ၍ရဲရင့်ကြလော့။ ငါတို့ဘက်၌သာ၍ခွန်အားကြီးကျယ်၏။ ထိုမင်းဘက်မှာ၊ လူ့လက်ရုံးရည်မျှသာရှိ၏။ ငါတို့ဘက်မှာမူ၊ စစ်ရေးကိုကူညီသော ငါတို့ဘုရားသခင်ထာဝရဘုရားရှိတော်မူသည်ဟု၊ အားပေးမြွက်ဆိုသောအခါ၊ မြို့သားတို့သည်၊ ယုဒဘုရင်ဟေဇကိမင်းမိန့်ဆိုချက်ကိုကိုးစားကြကုန်၏။
ထိုနောက်၊ မင်းခမ်းမင်းနားအစုံနှင့်၊ လာခိရှမြို့ရှေ့တွင်စွဲရပ်သော အာရှုရိဘုရင်သနာခရိပ်မင်းသည်၊ ယုဒဘုရင်ဟေဇကိမင်းနှင့် ယေရုရှလင်မြို့ရှိယုဒလူမျိုးအပေါင်းတို့ထံ၊ 10 ရာဇသံစေလွှတ်ထုတ်ပြန်စေသော၊ အာရှုရိဘုရင်သနာခရိပ်မင်း၏ အမှာတော်ကား၊ ဝိုင်းထားခြင်းကိုခံရသော ယေရုရှလင်မြို့သားတို့၊ မည်သည့်အရာ၌ ကိုးစားကြ သနည်း။ 11 ဟေဇကိမင်းက၊ ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ အာရှုရိဘုရင့်လက်တွင်းမှ လွတ်မြောက်စေမည်ဟူသော သွေးဆောင်ခြင်းစကားဖြင့်၊ မွတ်သိပ်လျက်၊ ရေငတ် လျက်၊ သေရကြမည်မဟုတ်လော။ 12 ထိုဘုရား၏ မြင့်ရာဌာနနှင့်ပူဇော်ရာပလ္လင်များကို၊ ဟေဇကိမင်းကိုယ်တိုင်ပယ်ရှားပြီးလျှင်၊ ပူဇော်ရာပလ္လင်တစ်ခုတည်းရှေ့တွင် ရှိခိုးလျက်၊ မီးဖြင့်ပူဇော်ကြရမည်ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား၊ မိန့်ဆိုပြီမဟုတ်လော။ 13 တိုင်းနိုင်ငံတကာကို၊ ဘေးတော်ဘိုးတော်တို့မှစ၍၊ ငါလက်ထက်တိုင်၊ မည်သို့စီရင်ခဲ့ကြောင်းမသိကြလော။ တိုင်းနိုင်ငံသားတို့ဘုရားများသည် ကိုယ့်ပြည်ကို ငါ့လက်မှ လွတ်မြောက်စေဘူးသလော။ 14 သင်တို့ကိုငါ့လက်တွင်းမှ ထာဝရဘုရားလွတ်မြောက်နိုင်စေရန်၊ ဘေးတော်ဘိုးတော်တို့ မြေလှန်ခဲ့သောလူမျိုးခြားတို့ဘုရားများအနက်၊ ကိုယ့်လူမျိုးကိုမည်သည့်ဘုရား လွတ်မြောက်စေဘူးသနည်း။ 15 ယခုမှာ၊ ဟေဇကိမင်းထိုသို့သွေးဆောင်လှည့်ဖြားသည်ကို နားမရောင်ကြနှင့်။ ဘေးတော်ဘိုးတော်တို့လက်တွင်းမှလည်းေကာင်း၊ ငါ့လက်တွင်းမှလည်းေကာင်း၊ မည်သည့်လူမျိုး၊ မည်သည့် နိုင်ငံရှင်ဘုရားမျှ၊ ကိုယ့်လူမျိုးကိုမလွတ်မြောက်စေနိုင်သည်မှန်လျှင်၊ သင်တို့ဘုရားသည်၊ သင်တို့ကိုမည်သို့လွတ်မြောက်စေနိုင်မည်နည်းဟုပြန်ဆိုပြီးသော်၊ 16 ထာဝရဘုရားသခင်နှင့် ကျွန်တော်ရင်းဟေဇကိမင်းကို၊ ရာဇသံတို့ဆက်လက်ကဲ့ရဲ့ကြသေး၏။ 17 အာရှုရိဘုရင်ကလည်း၊ တိုင်းနိုင်ငံသားတို့ဘုရားများသည်၊ ကိုယ့်လူမျိုးကိုငါ့လက်တွင်းမှ မလွတ်မြောက်စေနိုင်သည့်နည်းတူပင်၊ ဟေဇကိမင်း၏ဘုရားကား။ ကိုယ့်လူမျိုး ကိုလွတ်မြောက်စေနိုင်မည်မဟုတ်ဟူ၍၊ ဣသရေလလူမျိုး ဘုရားသခင်ထာဝရဘုရားကို၊ ကဲ့ရဲ့ဆဲဆိုသော အမှာတော်စာကိုလည်း ရေးပို့လိုက်၏။ 18 ရာဇသံတို့သည်၊ ယေရုရှလင်မြို့ရိုးပေါ်ရှိ လူတို့ကြောက်ရွံ့တုန်လှုပ်စေ၍၊ မြို့ကိုသိမ်းယူခြင်းငှာ၊ ယုဒဘာသာစကားဖြင့်၊ ကျယ်စွာကြွေးကြော်လျက်၊ 19 လူ့လက်ဖြစ် နိုင်ငံခြားဘုရားများကိုကဲ့ရဲ့သည့်နည်းတူ၊ ယေရုရှလင်မြို့ဘုရားသခင်ကို ကဲ့ရဲ့ကြ၏။
20 ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းနှင့်အာမုတ်သား ပရောဖက်ဟေရှာယတို့သည်၊ ကောင်းကင်သို့ဟစ်လျက် ပဌနာပြုကြသည့်အတွက်၊ 21 အာရှုရိဘုရင့်တပ်တော်၌၊ မှူးတော်မတ်တော်၊ ဗိုလ်မှူးမှစ၍၊ စစ်ခေါင်းမာသူဟူသမျှတို့ ကို၊ လွှတ်သောစေတမန်တော့်လက်ဖြင့်၊ ထာဝရဘုရားဖျက်ဆီးတော်မူသည် နှင့်၊ အာရှုရိဘုရင်သည် မျက်နှာပျက်လျက်၊ ကိုယ့်ပြည်သို့ဆုတ်ပြန်၍၊ ကိုယ့်ဘုရားကျောင်းသို့ဝင်ရောက်ရာ၊ သားတော်ရင်းတို့သည် ဓားဖြင့်လုပ်ကြံကြလေ၏။ 22 ထိုသို့ထာဝရဘုရားသည်၊ ဟေဇကိမင်းနှင့်ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိဘုရင်သနာခရိပ်မင်းလက်မှလည်းေကာင်း၊ ရန်သူအပေါင်းတို့လက်မှလည်းေကာင်း၊ လွတ်မြောက်စေပြီးလျှင်၊ ပတ်ဝန်းကျင်အရပ်ရပ်ငြိမ်းချမ်းခွင့်ပေးတော်မူ၏။ 23 ယေရုရှလင်မြို့သို့၊ ထာဝရဘုရားအဖို့ အလှူဒါနများနှင့်၊ ယုဒဘုရင်ဟေဇကိမင်းထံလက်ဆောင်တော်များကို၊ လူအများတို့ဆက်သွင်းကြသဖြင့်၊ ဟေဇကိမင်းသည်၊ ဤသမယမှစ၍၊ လူခပ်သိမ်းတို့ရှေ့ဂုဏ်အသရေကြီးမြင့်လေ၏။
24 ထိုကာလ၊ ဟေဇကိမင်း၌ သေအံ့သော ဝေဒနာစွဲကပ်ရာ၊ ထာဝရဘုရားထံ ပဌနာပြုသောကြောင့်၊ နိမိတ်ဗျာဒိတ်တော်ကိုခံရသော်လည်း၊ 25 ခံစားခဲ့ရသောကျေးဇူးတော်ကို မတုံ့ပြန်ဘဲ၊ စိတ်နေမြင့်သည့်အတွက်၊ ဘုရင်မင်းနှင့် ယုဒပြည်သူယေရုရှလင်မြို့သားတို့အပေါ်၌ အမျက်တော်တည်သော်၊ 26 ဟေဇကိမင်း စိတ်နေမြင့်မိရာမှ၊ ယေရုရှလင်မြို့သူမြို့သားတို့ပါ၊ နှိမ့်ချကြသည်ဖြစ်၍၊ အမျက်တော်ကို ဟေဇကိမင်းလက်ထက်၊ ထာဝရဘုရားရုပ်သိမ်းတော်မူ၏။
27 ဟေဇကိမင်းသည်၊ အတိုင်းထက်အလွန်ဂုဏ်အသရေစည်းစိမ်ချမ်းသာရသဖြင့်၊ ရွှေ၊ ငွေ၊ ကျောက်မျက်၊ နံ့သာပေါင်း၊ ဒိုင်းလွှားမှစသော အဖိုးထိုက်တန်ဆာအမျိုးမျိုး အဖို့၊ ရွှေတိုက်များကိုလည်းေကာင်း၊ 28 ဆန်၊ စပျစ်ရည်၊ ဆီသိုထားရန် တိုက်များကိုလည်းေကာင်း၊ တိရစ္ဆာန်အမျိုးမျိုးထားရန် တင်းကုပ်နှင့်သိုးခြံများကိုလည်းေကာင်း၊ စီမံလေ၏။ 29 ဥစ္စာပစ္စည်းများစွာကို ဘုရားသခင်ပေးသနားတော်မူသည်နှင့်အညီ၊ နွား၊ သိုး၊ ဆိတ်များပြားသည့်အတွက်၊ မြို့ရွာများကိုတည်ထောင်လေ၏။ 30 ဟေဇကိမင်းသည်၊ ဂိဟုန်အထက်စမ်းရေကိုပိတ်သွင်းလျက်၊ အနောက်ဘက်ရှိ ဒါဝိဒ်မြို့တော်သို့တည့်တည့်စီးဝင်စေ၏။ ဟေဇကိမင်းသည် ကြံတိုင်းထမြောက်သတည်း။ 31 ပြည်တော်တွင် ဖြစ်ပွားသော အံ့ဖွယ်မှုကိုမေးလျှောက်ရန်၊ ဗာဗုလုန်ဘုရင်တို့စေလွှတ်လိုက်သော ရာဇသံအရေးမှာသာ၊ ဟေဇကိမင်းအကြံအစည်ကို စုံစမ်း၍သိ ခြင်းငှာ ဘုရားသခင်လွှတ်ထားတော်မူ၏။ 32 ဟေဇကိမင်းစီရင်သောအကြွင်းအကျန်နှင့်ကောင်းမှုများသည်၊ ယုဒ၊ ဣသရေလရာဇဝင်ပါ၊ အာမုတ်သားပရောဖက်ဟေရှာယဗျာဒိတ်ကျမ်းတွင်ရေးထားလျက်ရှိ၏။ 33 ဟေဇကိမင်းသည်၊ ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက်၊ ဒါဝိဒ်မင်းသားတော်အစဉ်မြေးတော်အဆက်တို့သင်္ချိုင်းတော်အထက်ပိုင်းတွင်၊ စျာပနပြုခြင်းကို ခံရလျှင်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့အလေးအမြတ်ပြုကြ၏။ သားတော်မနာရှေသည်၊ အရိုက်အရာ၌နန်းစံလေ၏။