29
1 လူပရိသတ်လုံးအားလည်း ဒါဝိဒ်မင်းက၊ ဘုရားသခင်ရွေးချယ်တော်မူသော သားတော်ရှောလမုန်သည် နုနယ်လျက်အလုပ်ကြီးမြတ်၏။ ဘုံဗိမာန်တော်သည် လူ့အဖို့မဟုတ်၊ ထာဝရဘုရားသခင်စံတော်မူရာဖြစ်လိမ့်မည်။
2 ငါသည် ငါ့ဘုရားသခင့်ဗိမာန်တော်တည်ဆောက်ရန် ရွှေထည်အဖို့ရွှေ၊ ငွေထည်အဖို့ငွေ၊ ကြေးထည်အဖို့့ကြေး၊ သံထည်အဖို့သံ၊ သစ်သားထည်အဖို့ သစ်သားများမှစ၍ ခြယ်စီရန်မဟူရာကျောက်၊ ခနောက်စိမ်းကျောက်၊ ရောင်စုံကျောက်၊ ကျောက်မျက်အမျိုးမျိုးနှင့် ကျောက်ဖြူပြားများစွာပြင်ဆင်ခဲ့ပြီ။
3-5 ထိုမှတစ်ပါး ငါဘုရားသခင်ဗိမာန်တော်ကိုမြတ်နိုးသည်ဖြစ်၍ ထိုသန့်ရှင်းသောဗိမာန်တော်အဖို့ ပြင်ဆင်ခဲ့သောအရာများပြင် ကိုယ်ပိုင်ရွှေငွေများအနက် ရွှေထည်အဖို့ရွှေ၊ ငွေထည်အဖို့ငွေ၊ ပန်းထိမ်၊ ပန်းတဉ်းလက်မှုအမျိုးမျိုးမှစ၍ ဗိမာန်တော်နံရံမွမ်းမံစေရန် သြဖိရရွှေချိန်ခွက်ကိုးသောင်း၊ ချွတ်ပြီးငွေချိန်ခွက်နှစ်သိန်းတစ်သောင်းကို ငါလှူဒါန်း၏။ သို့နှင့်အညီ စေတနာထက်သန်စွာ ထာဝရဘုရားအားယနေ့မည်သူလှူဦးမည်နည်းဟု မေးမြန်းလျှင်၊
6 ဣသရေလအမျိုးအနွယ်၊ ဦးစီးဦးကိုင်အိမ်ထောင်အကြီးအကဲများမှစ၍ ထောင်တပ်မှူး၊ ရာတပ်မှူးများနှင့်အရာထမ်းအကြီးအကဲတို့သည်၊
7 ဘုရားသခင့်ဗိမာန်တော်လုပ်ကိုင်မှုအဖို့ ရွှေချိန်ခွက်တစ်သိန်းငါးသောင်း၊ ရွှေဒင်္ဂါးတစ်သောင်း၊ ငွေချိန်ခွက်သုံးသိန်း၊ ကြေးချိန်ခွက်ငါးသိန်းလေးသောင်း၊ သံချိန်ခွက်သုံးသန်းများကို စေတနာထက်သန်စွာလှူဒါန်းကြ၏။
8 ကျောက်မျက်ရှိသူတို့လည်း ဂေရရှုံအနွယ်ယဟေလကြည့်ကြပ်ရသောဘဏ္ဍာတိုက်သို့ သွင်းလှူကြ၏။
9 ထိုသို့စုံလင်သောစိတ်နှင့် စေတနာထက်သန်စွာလှူဒါန်းကြသည်ဖြစ်၍ လူပရိသတ်ရွှင်လန်းကြ၏။ ဒါဝိဒ်မင်းလည်း အားရဝမ်းမြောက်လေ၏။
10 ထိုအခါဒါဝိဒ်မင်းသည် လူပရိသတ်လုံးရှေ့၊ ထာဝရဘုရားအားသြဘာဆက်သည်မှာ အကျွန်ုပ်တို့အဘ၊ ဣသရေလ၏ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူ ပါစေသော။
11 အိုထာဝရဘုရား၊ ဘုန်းကြက်သရေအာနုဘော်တော်နှင့်မဟာတန်ခိုးတော်သည် ကိုယ်တော့်မှာသာရှိပါ၏။ မိုးမြေ၌ရှိသမျှသည် ကိုယ်တော်ပိုင်ဖြစ်ပါ၏။ အိုထာဝရဘုရားနိုင်ငံတော်လည်း ပိုင်ရာတော်ဖြစ်၍ ကိုယ်တော်သည်အထွဋ်အမြတ်ဆုံးဖြစ်တော်မူပါ၏။
12 အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူသည့်အတိုင်း စည်းစိမ်ချမ်းသာဂုဏ်အသရေသည် အထံေတာ်မှရောက်လာပါ၏။ လက်ရုံးတော်တွင် တန်ခိုးတော်၊ အစွမ်းတော်ရှိ၍ လူခပ်သိမ်းတို့အားကြီးမြင့်ခြင်း၊ ခွန်အားရှိခြင်းများကိုပေးတော်မူနိုင်ပါ၏။
13 သို့ဖြစ်၍ အကျွန်ုပ်တို့ဘုရားသခင်၊ ဘုန်းကြီးတော်မူသောနာမတော်နှင့်ကျေးဇူးတော်ကို ချီးမွမ်းကြပါ၏။
14 ယခုကဲ့သို့ စေတနာထက်သန်စွာလှူဒါန်းနိုင်ခွင့်ရရှိရန် အကျွန်ုပ်နှင့်အကျွန်ုပ်လူမျိုးသည် မည်သူပါနည်း။ ရရာသမျှကို အထံတော်ကရရှိသည်ဖြစ်ပါ၍ ပိုင်ရာတော်မှလှူဒါန်းရကြပါပြီ။
15 ဘိုးဘေးတို့နည်းတူ အကျွန်ုပ်တို့လည်းဧည့်သည်အာဂန္တုများဖြစ်လျက် တည်မြဲခွင့်မရ။ အသက်တာသည် မြေပေါ်တွင်အရိပ်မျှသာဖြစ်ပါ၏။
16 အကျွန်ုပ်တို့၏ဘုရားသခင် အိုထာဝရဘုရား၊ နာမတော်အဖို့ ဗိမာန်တော်တည်ဆောက်ရန် စုဆောင်းထားသမျှပင် လက်တော်မှရကြသောပိုင်ရာတော်ဖြစ်ပါ၏။
17 အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည်စိတ်နှလုံးဟူသမျှကိုစီစစ်လျက် ဖြောင့်မှန်ခြင်းကိုသာနှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား၊ ဖြောင့်မှန်သောစိတ်နှလုံးနှင့် ဤအရာခပ်သိမ်းကို စေတနာထက်သန်စွာလှူဒါန်းသည့်ပြင်၊ လူမျိုးတော်ဖြစ်သောဤပရိသတ်လည်း ထက်သန်စွာလှူဒါန်းကြောင်း ဝမ်းမြောက်ဝမ်းသာသိမြင်ရပါ၏။
18 ဘိုးဘေးဖြစ်သောအာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ဘုရားသခင်ထာဝရဘုရား၊ လူမျိုးတော်၏စိတ်အကြံအစည်တွင် ဤအရေးကိုအစဉ်နှလုံးသွင်းစေလျက် ဘက်တော်သို့စိတ်သဘောညီညွတ်စေတော်မူပါ။
19 အကျွန်ုပ်၏သားရှောလမုန်အားလည်း မိန့်မှာတော်မူချက်၊ သက်သေခံတော်မူချက်၊ ထုံးဖွဲ့တော်မူချက်အလုံးစုံကို စောင့်ရှောက်လိုက်နာစိမ့်သောငှါလည်းကောင်း၊ အကျွန်ုပ်ပြင်ဆင်ထားသည့်အတိုင်း ဘုံဗိမာန်တော်တည်ဆောက်စိမ့်သောငှါလည်းကောင်း၊ စုံလင်သောစိတ်နှလုံးကို ပေးသနားတော်မူပါဟု တောင်းလျှောက်ပြီးမှ
20 လူပရိသတ်လုံးအား၊ သင်တို့ဘုရားသခင်ထာဝရဘုရားကို သြဘာဆက်ကြလော့ဟု မိန့်ဆိုသည့်အတိုင်း ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို တစ်ပရိသတ်လုံးသြဘာဆက်၍ ထာဝရဘုရားကိုလည်းကောင်း၊ ဘုရင်မင်းကိုလည်းကောင်း ရှိခိုးလျက်ဦးညွတ်ကြကုန်၏။
21 နောက်နေ့၌ နွားတစ်ထောင်၊ သိုးထီးတစ်ထောင်၊ သိုးသားငယ်တစ်ထောင်ကို ဆိုင်ရာသွန်းလောင်းရာသက္ကာများပါ မီးရှို့ရာသက္ကာအဖြစ်ပူဇော်သည့်ပြင် ဣသရေလတစ်မျိုးလုံးအဖို့ မိတ်သဟာယသက္ကာအမြောက်အမြားဆက်ကပ်လျက်၊
22 ရှေ့တော်တွင်အားရဝမ်းမြောက်စွာ စားသောက်ပွဲပြုကြကုန်၏။ ဒါဝိဒ်မင်းသားတော်ရှောလမုန်ကိုလည်း ဒုတိယအကြိမ်မင်းမြှောက်၍ ထာဝရဘုရားရှေ့တော်တွင်မင်းအဖြစ်၊ ဇာဒုတ်ကိုပရောဟိတ်အဖြစ် ဘိသိက်ပေးကြသည်နှင့်၊
23 ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းအရိုက်အရာ၌ ထာဝရဘုရား၏ရာဇပလ္လင်ထက်စံလျက် အာဏာကြီးမြင့်၍ တစ်မျိုးလုံးနာခံကြလေ၏။
24 မှူးတော်မတ်တော်၊ စွမ်းရည်ကောင်းသောသူတို့နှင့် ဒါဝိဒ်မင်းသားတော်အပေါင်းတို့သည် ရှောလမုန်မင်းအုပ်စိုးခြင်းကိုဝန်ခံကြ၏။
25 ထာဝရဘုရားသည် ဣသရေလတစ်မျိုးလုံးရှေ့၊ ရှောလမုန်မင်းကို အထူးချီးမြှောက်တော်မူ၍ ဣသရေလဘုရင်တစ်ပါးမျှမရသောအာဏာတန်ခိုးကို ပေးသနားတော်မူ၏။
26 ယေရှဲသားဒါဝိဒ်မင်းသည် ဣသရေလနိုင်ငံလုံးကို အုပ်စိုးခွင့်ရလျက်၊
27 ဟေဗြုန်မြို့တွင် နန်းစံခုနစ်နှစ်၊ ယေရုရှလင်မြို့တွင် သုံးဆယ့်သုံးနှစ်၊ နှစ်ရပ်ပေါင်းလေးဆယ်၊ ဣသရေလလူမျိုးကိုအုပ်စိုးသတည်း။
28 စည်းစိမ်ချမ်းသာ၊ ဂုဏ်အသရေကြွယ်ဝလျက် အသက်ကြီးရင့်မှကွယ်လွန်ရာ သားတော်ရှောလမုန်သည် အရိုက်အရာ၌နန်းစံလေ၏။
29-30 ဒါဝိဒ်မင်းအစအဆုံးပြုမူသမျှနှင့် စိုးပိုင်ခြင်း၊ အာဏာကြီးခြင်း၊ လက်ထက်တော်တွင် ဣသရေလနိုင်ငံမှစ၍ တိုင်းနိုင်ငံအလုံးစုံ၌ဖြစ်ပျက်ခြင်းများပါ ပရောဖက်နာသန်၊ အေမျှာ်အမြင်ဆရာရှမွေလနှင့် ဂဒ်တို့အတ္ထုပ္ပတ္တိတွင် ရေးထားလျက်ရှိ၏။