20
ဘုရင်မင်းတို့စစ်ချီလေ့ရှိသော နှစ်ဦးသမယတိုင်ရောက်သောအခါ ယေရုရှလင်မြို့တွင် ဒါဝိဒ်မင်းစံနေရစ်ရာ ယွာဘသည် ဗိုလ်ထုအလုံးအရင်းကိုခေါ်ဆောင်လျက် အမ္မုန်ပြည်ကိုတိုက်ဖျက်ပြီးမှ ရဗ္ဗာမြို့ကိုချဉ်းကပ်ဝိုင်းဝန်း၍ လုပ်ကြံဖြိုလှဲလေ၏။ ဒါဝိဒ်မင်းသည် ရွှေချိန်ခွက်သုံးဆယ်စီးမကိုဋ်ကို မိလကုံဘုရားရုပ်ဦးခေါင်းမှချွတ်ယူ၍ ချယ်လယ်သောကျောက်မျက်ကို ကိုယ့်ဦးခေါင်းတော်မှာဆင်ယင်လျက် အလွန်များပြားသောဥစ္စာပစ္စည်းကိုလည်း လုယူပြီးလျှင်၊ မြို့သားတို့ကိုခေါ်ထုတ်၍ လွှ၊ သံထွန်၊ ပုဆိန်များဖြင့် ကွပ်မျက်လေ၏။ အမ္မုန်အမျိုးသားတို့ မြို့ရွာရှိသမျှ၌ထိုသို့စီရင်ပြီးမှ ဒါဝိဒ်မင်းသည် ဗိုလ်ထုအလုံးအရင်းနှင့်တကွ ယေရုရှလင်မြို့သို့ပြန်ချီလေ၏။
ထိုနောက် ဂေဇာမြို့တွင် ဖိလိတ္တိလူမျိုးကိုစစ်တိုက်ကြရာ ဟုရှမြို့သားသိဗေခဲသည် ရေဖိမ့်အနွယ်သိပ္ပဲကိုသတ်၍ ဖိလိတ္တိဗိုလ်ထုကိုနှိမ်နှင်းလေ၏။ တစ်ဖန်ဖိလိတ္တိလူမျိုးကို စစ်တိုက်ကြပြန်သော် ယာဣရသားဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှ လှံရိုးကိုကိုင်သောဂါသမြို့သားဂေါလျတ်၏ညီ၊ လာခမိကိုသတ်လေ၏။ ဂါသမြို့တွင် တစ်ဖန်စစ်တိုက်ပြန်ရာ အရပ်အမောင်းကြီးမြင့်၍ လက်ခြေခြောက်ချောင်းစီ၊ နှစ်ရပ်ပေါင်းနှစ်ဆယ့်လေးချောင်းရှိသော ရေဖိမ့်အနွယ်တစ်ယောက်က၊ ဣသရေလဗိုလ်ထုကိုမထီလေးစားပြုသောအခါ ဒါဝိဒ်မင်းနောင်တော် ရှိမာ၏သားယောနသန်သည် ထိုသူ့ကိုသတ်လေ၏။ ဒါဝိဒ်မင်းနှင့်နောက်ပါတို့လက်ရုံးရည်ဖြင့် ကျဆုံးသောထိုသူတို့ကား ဂါသမြို့နေ ရေဖိမ်၏အနွယ်ဖြစ်ကြသတည်း။