ဆာလံ။ 43
အိုဘုရားသခင်၊ ဘုရားတရားမကြည်ညိုသောလူမျိုးနှင့်ဆန့်ကျင်၍၊ အကျွန်ုပ်အမှုကို လဲလျှောက်လျက် ဆုံးဖြတ်တော်မူပါ။ လိမ်လည်၍ မတရားပြုကျင့်သူတို့လက်မှ ကယ်လွှတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်အားကိုးရာဘုရားသခင်ဖြစ်တော်မူပါ၏။ အဘယ့်ကြောင့်စွန့်ပယ်တော်မူပါသနည်း။ ရန်သူနှိပ်စက်ခံရ၍၊ မှိုင်ကာမှိုင်ကာအဘယ့်ကြောင့် သွားရပါသနည်း။ အလင်းတော်နှင့်သမ္မာတရားတော်ကိုစေလွှတ်၍၊ ကိန်းဝပ်တော်မူရာသန့်ရှင်းသောတောင်တော်သို့ လမ်းပြပို့ရောက်စေတော်မူပါ။ ဘုရားသခင့်ပူဇော်ရာပလ္လင်တော်၊ အကျွန်ုပ်သောမနဿဖြစ်ရာ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်၍၊ အိုအကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကိုစောင်းတီးလျက်၊ ချီးမွမ်းထောမနာပြုပါမည်ဘုရား။ အိုငါ့စိတ်ဝိညာဉ်၊ အဘယ့်ကြောင့်ညှိုးငယ်ရသနည်း။ အတွင်း၌အဘယ့်ကြောင့် မငြိမ်မဝပ်ရှိရသနည်း။ ဘုရားသခင်ကိုမေျှာ်လင့်လော့။ ငါ့အားမျက်နှာသာပေးတော်မူသောငါ့ဘုရားသခင်ကို ချီးမွမ်းရဦးမည်။