ဆာလံ။ 140
1 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုလူဆိုးလက်မှကယ်လွှတ်လျက်၊ လူကြမ်းလက်မှစောင့်ထိန်းတော်မူပါ။
2 ထိုသူတို့သည်စိတ်နှလုံး၌ မကောင်းကြံစည်လျက်၊ စစ်တိုက်ရန်မပြတ်စုရုံးတတ်ကြပါ၏။
3 သူတို့လျှာကိုမြွေသဖွယ်ထက်စေလျက်၊ နှုတ်ခမ်းအတွင်းမြွေပွေးအဆိပ်ရှိပါ၏။
4 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုတွန်းချရန် ကြံစည်ကြသောလူဆိုးလူကြမ်းတို့လက်မှ၊ ကွယ်ကာစောင့်ထိန်းတော်မူပါ။
5 မာနကြီးသူတို့သည်အကျွန်ုပ်ရှေ့၊ ကျော့ကွင်းနှင့်နှောင်ကြိုးများကိုဝှက်ထားလျက်၊ သွားရာလမ်း၌၊ ကွန်ကိုဖြန့်၍ ညွှတ်ကွင်းများကိုချထားကြပါပြီ။
6 ထာဝရဘုရားအားငါက၊ ကိုယ်တော်သည်အကျွန်ုပ်၏ဘုရားသခင်ပေတည်း။ အိုထာဝရဘုရား၊ အကျွန်ုပ်အသနားတော်ခံသံကိုနားညောင်းတော်မူပါ။
7 အကျွန်ုပ်ကယ်တင်ရာအစွမ်းသတ္တိဖြစ်တော်မူသောအိုထာဝရအရှင်ဘုရား၊ စစ်တိုက်သောနေ့၌အကျွန်ုပ်ဦးခေါင်းကိုကွယ်ကာတော်မူပါပြီ။
8 အိုထာဝရဘုရား၊ လူဆိုးတို့ဝင့်ဝါရစေရန်၊ ချင်းတို့အလိုဆန္ဒပြည့်စုံခွင့်၊ အကြံထမြောက်ခွင့်ပေးတော်မမူပါနှင့်ဟုလျှောက်တောင်းပါ၏။
9 အကျွန်ုပ်ကိုဝန်းဝိုင်းသူတို့သည်၊ ကိုယ့်နှုတ်မြွက်သောမကောင်းကျိုးနှင့် ဦးခေါင်းထက်လွှမ်းမိုးခြင်း၊
10 မီးကျီးမိုးကျရွာခြင်း၊ ထ၍မရပ်နိုင်အောင် မီးတွင်းထဲသို့ပစ်ချခြင်းကိုခံရကြပါစေသော။
11 မကောင်းပြောဆိုသူသည်၊ မြေပေါ်မှာမတည်မနေခြင်း၊ လူကြမ်းလည်း၊ တွန်းချရန်ဘေးလိုက်လံခြင်းကိုခံရကြပါစေသော။
12 ထာဝရဘုရားသည်၊ ဆင်းရဲသူ၏အမှုကိုဆောင်၍၊ နွမ်းပါးသူ၏အမှုကိုဆုံးဖြတ်တော်မူကြောင်း၊ ငါသိ၏။
13 သူတော်ကောင်းတို့သည်နာမတော်ကိုချီးမွမ်းခွင့်၊ ဖြောင့်မတ်သူတို့သည် ရှေ့တော်၌နေထိုင်ခွင့်ရကြလိမ့်မည်။