ဆာလံ။ 116
1 ငါ့အသနားတော်ခံသံကို ကြားနာတော်မူသောထာဝရဘုရားအား၊ ငါချစ်ခင်ကြည်ညိုပါ၏။
2 နားတော်ကိုညောင်းတော်မူသောကြောင့်၊ အသက်ထက်ဆုံးပဌနာပြုပါမည်။
3 သေမင်း၏နှောင်ကြိုးများဝန်းဝိုင်းခြင်း၊ မရဏာ့နိုင်ငံဝေဒနာများဖမ်းစားခြင်းကိုငါခံရသဖြင့်၊ ဒုက္ခဆင်းရဲနှင့်တွေ့ကြုံရသော်၊
4 အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကိုကယ်လွှတ်တော်မူပါဟု၊ ထာဝရဘုရား၏နာမတော်အားပဌနာပြု၏။
5 ထာဝရဘုရား၌ကျေးဇူးပြုသောသဘော၊ ဖြောင့်မတ်သောသဘောရှိတော်မူ၏။ ငါတို့ဘုရားသခင်သည် ကရုဏာစိတ်နှင့်ပြည့်စုံတော်မူ၏။
6 ရိုးသားသူတို့ကိုထိန်းသိမ်းတော်မူသည့်အလျောက်၊ ဆင်းရဲခံရသူငါ့ကိုကယ်တော်မူ၏။
7 အိုငါ့အသက်ဝိညာဉ်၊ ငြိမ်းချမ်းရာသို့ပြန်လော့။ ထာဝရဘုရားသည် သင့်ကိုကြွယ်ဝစွာသနား၍၊
8 အကျွန်ုပ်အသက်ကိုသေဘေးမှလည်းေကာင်း၊ မျက်စိများကိုမျက်ရည်မှလည်းေကာင်း၊ ခြေများကိုခလုတ်မှလည်းေကာင်း၊ ကယ်လွှတ်တော်မူပါပြီ။
9 သူရှင်တို့နေရာတွင်၊ ထာဝရဘုရား၏ရှေ့တော်၌သွားလာကျင့်ကြံလျက်ရှိနေပါမည်။
10 စိတ်ဒုက္ခကြီးစွာရောက်လေစွဟုဆိုသည့်ပြင်၊ လူခပ်သိမ်းသည်မုသာအိုးများဖြစ်ကြောင်း၊
11 အလန့်တကြားပြောမိသော်လည်း၊
12 သဒ္ဓါယုံကြည်ခြင်းရှိသောငါသည်၊ ထာဝရဘုရားပြုတော်မူသောကျေးဇူးရှိသမျှကို မည်သို့ဆပ်ရအံ့နည်း။
13 ကယ်တင်ခြင်းဆိုင်ရာခွက်ကိုကိုင်၍၊ ထာဝရဘုရား၏နာမတော်အားပဌနာပြုခြင်း၊
14 လူမျိုးတော်အပေါင်းတို့ရှေ့၊ ထာဝရဘုရားအားသစ္စာဝတ်များကိုဖြေခြင်းပြုပါမည်။
15 ကြည်ညိုသူတို့သေဒဏ်ကိုထာဝရဘုရားနှမြောတော်မူသည့်အလျောက်၊ ကိုယ်တော်၏ကျွန်၊
16 ကိုယ်တော့်ကျွန်မသားဖြစ်သူ၊ ကျွန်တော်မျိုး၏အချည်အနှောင်များကို ကိုယ်တော်ဖြည်တော်မူပါပြီ။ အိုထာဝရဘုရား၊
17 ရှေ့တော်၌ချီးမွမ်းရာသက္ကာကိုပူဇော်လျက်၊ ထာဝရဘုရား၏နာမတော်အားပဌနာပြုပါမည်။
18 အိုယေရုရှလင်မြို့၊ သင်၏ဗဟို၊ ထာဝရဘုရားဗိမာန်တော်တံတိုင်းအတွင်း၊
19 လူမျိုးတော်အပေါင်းတို့ရှေ့၊ ထာဝရဘုရားအားသစ္စာဝတ်များကိုဖြေပါမည်။ ဟာလေလုယ။