15
ချိုသာစွာတုံ့ပြန်ချက်သည်၊ ဒေါသကိုလွှဲရှောင်တတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကိုနှိုးဆော်တတ်၏။ ပညာရှိတို့လျှာသည်၊ အသိပညာကိုတင့်တယ်စွာမြွက်ဆိုတတ်၏။ လူဗာလတို့၏နှုတ်မူကား၊ မိုက်မဲခြင်းကိုသွန်းတတ်၏။ ထာဝရဘုရား၏စက္ခုတော်သည် ထက်ဝန်းကျင်အရပ်များ၌၊ လူဆိုးလူကောင်းတို့ကို ရှုကြည့်တော်မူ၏။ ချိုသာသောလျှာသည်၊ အသက်ပင်သဖွယ်ဖြစ်၏။ စဉ်းလဲသောလျှာမူကား၊ စိတ်ကိုကြေကွဲစေတတ်၏။ လူမိုက်သည်၊ အဘဆုံးမခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ပဲ့ပြင်ခြင်းကို လိုက်နာသူမူကား၊ လိမ္မာ၏။ သူတော်ကောင်း၏အိမ်၌၊ များစွာသောဘဏ္ဍာရှိ၏။ လူဆိုး၏အစီးအပွားမူကား၊ သောကမကင်းဖြစ်၏။ ပညာရှိတို့၏နှုတ်ခမ်းသည်၊ အသိပညာကိုကြဲဖြန့်တတ်၏။ မိုက်မဲသူတို့၏နှလုံးမူကား၊ မရိုးမဖြောင့်တတ်။ လူဆိုးတို့၏ပူဇော်သက္ကာသည်၊ ထာဝရဘုရား၏ မျက်မှောက်တော်၌စက်ဆုပ်ရွံ့ရှာဖွယ်၊ သူတော်ကောင်းတို့၏ဆုတောင်းပဌနာမူကား၊ နှစ်သက်တော်မူဖွယ်ဖြစ်၏။ လူဆိုး၏အလေ့အလာသည်၊ ထာဝရဘုရား၏မျက်မှောက်တော်၌၊ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ဖြောင့်မတ်ခြင်းတရားကို လိုက်ရှာသောသူ့ကိုကား၊ နှစ်သက်တော်မူ၏။ 10 လမ်းလွဲသောသူသည်၊ ပြင်းထန်သောဆုံးမခြင်းကိုခံရမည်။ ပဲ့ပြင်ခြင်းကိုမုန်းထားသောသူလည်း၊ သေဆုံးရမည်။ 11 မရဏာ့နိုင်ငံနှင့်ငရဲကို၊ ထာဝရဘုရားမျက်မှောက်ပြုသည်မှန်လျှင်၊ လူ့သားတို့၏စိတ်နှလုံးကိုလည်း၊ မျက်မှောက်ပြုတော်မူလေပြီ။ 12 မထီလေးစားပြုတတ်သူသည်၊ ဆုံးမပဲ့ပြင်ခြင်းကိုမနှစ်သက်သဖြင့်၊ ပညာရှိတို့ထံမဝင်လို။ 13 ရွှင်လန်းသောစိတ်နှလုံးသည်၊ မျက်နှာကိုကြည်လင်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်လည်း၊ စိတ်ကြေကွဲရ၏။ 14 ဉာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည်၊ အသိပညာကိုလိုက်ရှာတတ်၏။ လူဗာလတို့၏နှုတ်မူကား၊ မိုက်မဲခြင်းကိုကျက်စားတတ်၏။ 15 ညှိုးငယ်သူ၏နေ့ရှိသမျှသည်၊ ဆိုးယုတ်၏။ ရွှင်လန်းသောစိတ်ရှိသူမူကား၊ အစဉ်သဘင်သဖွယ်ဖြစ်၏။ 16 သောကကိုဖြစ်စေသော ဘဏ္ဍာများစွာထက်၊ ထာဝရဘုရားကို ခန့်ညားလျက်ရသောအနည်းငယ်သည်၊ သာ၍မြတ်၏။ 17 ဆူဖြိုးသောနွားတစ်ကောင်ကို၊ အချင်းချင်းမုန်းထားသောစိတ်နှင့်စားရသည်ထက်၊ ဟင်းရွက်တစ်နပ်စာကို ချစ်ခြင်းမေတ္တာနှင့် စားရခြင်းသည်၊ သာ၍မြတ်၏။ 18 စိတ်တိုသောသူသည်၊ ရန်တွေ့ခြင်းကို နှိုးဆော်တတ်၏။ စိတ်ရှည်သောသူမူကား၊ ရန်ငြိမ်းစေတတ်၏။ 19 ပျင်းရိသောသူသွားရာလမ်းသည်၊ ဆူးပင်စည်းရိုးသဖွယ်ဖြစ်၏။ ဖြောင့်မှန်သူတို့သွားရာလမ်းမူကား၊ ဖို့ပြီးဖြစ်၏။ 20 ပညာရှိသောသားသည်၊ အဘ၏ရွှင်လန်းရာအကြောင်းဖြစ်၏။ မိုက်မဲသူမူကား၊ အမိကိုမထီမဲ့မြင်ပြုတတ်၏။ 21 မိုက်မဲခြင်းသည်၊ ဉာဏ်မဲ့သူ၏ရွှင်လန်းရာအကြောင်းဖြစ်၏။ ဉာဏ်ပဋိဘာန်ရှိသူမူကား၊ ကိုယ့်အကြံကို ဖြောင့်စေတတ်၏။ 22 နှီးနှောတိုင်ပင်ခြင်းမရှိလျှင်၊ အကြံပျက်တတ်၏။ အကြံပေးနိုင်သူများလျှင်၊ အထမြောက်တတ်၏။ 23 တုံ့ပြန်သောနှုတ်သတ္တိအားဖြင့်၊ လူ၌ရွှင်လန်းခြင်းရှိ၏။ အချိန်သင့်၍ ဆိုသောစကားသည်၊ အလွန်တင့်တယ်လေ၏။ 24 အောက်မရဏာ့နိုင်ငံမှလွှဲရှောင်ရန်၊ သတိပညာရှိသူေလျှာက်လိုက်အပ်သောအသက်လမ်းကား၊ မြင့်ရာ၌တည်း။ 25 မောက်မာသူတို့၏ အိမ်ကို၊ ထာဝရဘုရားဖျက်ဆီးတော်မူ၏။ မုဆိုးမ၏ မြေနိမိတ်ကိုကား၊ စီရင်ထားတော်မူ၏။ 26 မကောင်းသောအကြံအစည်များသည်၊ ထာဝရဘုရားမျက်မှောက်တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ စင်ကြယ်သူတို့သည်၊ ချိုသာသောစကားကိုပြောဆိုတတ်ကြ၏။ 27 လောဘကြီးသောသူသည်၊ ကိုယ့်အိမ်သူအိမ်သားတို့ကိုနှောင့်ယှက်တတ်၏။ တံစိုးကိုရွံရှာသောသူမူကား၊ အသက်ချမ်းသာရလိမ့်မည်။ 28 သူတော်ကောင်းသည်၊ မည်သို့ပြန်ပြောရမည်ကို စိတ်၌ဆင်ခြင်တတ်၏။ လူဆိုးတို့၏နှုတ်မူကား၊ ဆိုးသွမ်းခြင်းကို သွန်းတတ်၏။ 29 ထာဝရဘုရားသည်၊ လူဆိုးတို့နှင့် ဝေးကွာတော်မူ၏။ သူတော်ကောင်းတို့၏ ဆုတောင်းပဌနာကိုကား၊ နားညောင်းတော်မူ၏။ 30 စက္ခုအလင်းသည်၊ နှလုံးကိုကြည်လင်စေတတ်၏။ ကောင်းမွန်သောသတင်းလည်း၊ အရိုးများကို ခြင်ဆီနှင့်ပြည့်စေတတ်၏။ 31 အသက်ဆိုင်ရာပဲ့ပြင်ခြင်းကိုနာခံသောသူသည်၊ ပညာရှိတို့ဘောင်တွင်၊ တည်းခိုခွင့်ရှိလိမ့်မည်။ 32 ဆုံးမပဲ့ပြင်ခြင်းကို ပယ်သောသူသည်၊ ကိုယ့်အသက်ကို မထီမဲ့မြင်ပြုရာရောက်၏။ လိုက်နာသောသူကား၊ ဉာဏ်ကိုရလိမ့်မည်။ 33 ထာဝရဘုရားကို ခန့်ညားခြင်းသည်၊ ဉာဏ်ပညာဆိုင်ရာဆုံးမခြင်းဖြစ်၏။ ဂုဏ်အသရေ၏အရင်လည်း၊ နှိမ့်ချခြင်းတည်ရာ၏။