26
1-2 ကပ်ရောဂါငြိမ်းပြီးနောက် ထာဝရဘုရားက၊ ဣသရေလအမျိုးသားအပေါင်းပရိသတ်တွင် အသက်နှစ်ဆယ်ကျော်၊ စစ်ချီနိုင်သူဟူသမျှကို အိမ်ထောင်များအလိုက်စာရင်းကောက်ကြလော့ဟု မောရှေနှင့်ပရောဟိတ်အာရုန့်သား ဧလာဇာတို့အားမိန့်တော်မူသည့်အတိုင်း၊
3-4 ထိုသူတို့က၊ အိဂျစ်ပြည်မှထွက်လာသော ဣသရေလအမျိုးသားတို့နှင့်မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည်နှင့်အညီ အသက်နှစ်ဆယ်ကျော်ဟူသမျှကို စာရင်းကောက်ကြစေဟု ယေရိခေါမြို့တစ်ဘက် ယော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ဆင့်ဆိုကြ၏။
5 ဣသရေလသားဦးရုဗင်၏ သားစဉ်မြေးဆက်ကား၊ ဟာနုတ်မှဆင်းသက်သော ဟာနုတ်အဆက်အနွယ်၊ ဖာလုမှဆင်းသက်သောဖာလုအဆက်အနွယ်၊
6 ဟေဇရုံမှဆင်းသက်သောဟေဇရုံ့အဆက်အနွယ်၊ ကာမိမှဆင်းသက်သော ကာမိအဆက်အနွယ်တို့တည်း။
7 ထိုသို့ဖြစ်သော ရုဗင့်အဆက်အနွယ်စာရင်းဝင်လူပေါင်းကား၊ လေးသောင်းသုံးထောင့်ခုနစ်ရာ့သုံးဆယ်ရှိသတည်း။
8 ဖာလုသားကား၊ ဧလျာဘတည်း။
9 ဧလျာဘသားများကား၊ နေမွေလ၊ ဒါသန်၊ အဘိရံတို့တည်း။ ထိုဒါသန်၊ အဘိရံတို့သည် လူပရိသတ်တိုင်ပင်ဘက်ဖြစ်လျက်ပင် ထာဝရဘုရားကိုခိုက်ရန်ပြုသော ကောရ၏အပေါင်းအသင်းပါဝင်၍ မောရှေ၊ အာရုန်တို့အားခိုက်ရန်ပြုပြီးမှ၊
10 သက်သေမော်ကွန်းအဖြစ် လူပေါင်းနှစ်ရာ့ငါးဆယ်ကို မီးကျွမ်းလောင်သည့်ကာလ၊ သေဒဏ်ခံသောကောရအပေါင်းအသင်းနှင့်တကွ မြေခံတွင်းဟလျက် မျိုစားခံရသူတို့ပင်တည်း။
11 ထိုသို့ဖြစ်သော်လည်း ကောရ၏သားတို့သည် သေဒဏ်မခံရချေ။
12 အဆက်အနွယ်အလိုက် ရှိမောင့်သားစဉ်မြေးဆက်ကား၊ နေမွေလမှဆင်းသက်သော နေမွေလအဆက်အနွယ်၊ ယာမိန်မှဆင်းသက်သော ယာမိန့်အဆက်အနွယ်၊ ယာခိန်မှဆင်းသက်သောယာခိန့်အဆက်အနွယ်၊
13 ဇေရမှဆင်းသက်သောဇေရအဆက်အနွယ်၊ ရှောလမှဆင်းသက်သော ရှောလအဆက်အနွယ်တို့တည်း။
14 ထိုသို့ဖြစ်သော ရှိမောင့်အဆက်အနွယ်လူပေါင်းကား၊ နှစ်သောင်းနှစ်ထောင့်နှစ်ရာရှိသတည်း။
15 အဆက်အနွယ်အလိုက်၊ ဂဒ်သားစဉ်မြေးဆက်ကား ဇေဖုန်မှဆင်းသက်သောဇေဖုန့်အဆက်အနွယ်၊ ဟဂ္ဂိမှဆင်းသက်သော ဟဂ္ဂိအဆက်အနွယ်၊ ရှုနိမှဆင်းသက်သော ရှုနိအဆက်အနွယ်၊
16 သြဇနိမှဆင်းသက်သော သြဇနိအဆက်အနွယ်၊ ဧရိမှဆင်းသက်သော ဧရိအဆက်အနွယ်၊
17 အရုဒ်မှဆင်းသက်သော အရုဒ်အဆက်အနွယ်၊ အရေလိမှဆင်းသက်သော အရေလိအဆက်အနွယ်တို့တည်း။
18 ထိုသို့ဖြစ်သော ဂဒ်အဆက်အနွယ်စာရင်းဝင်လူပေါင်းကား လေးသောင်းငါးရာရှိသတည်း။
19 ယုဒသားစဉ်မြေးဆက်ကား၊ ခါနာန်ပြည်၌သေသောဧရနှင့် သြနန်တို့မှတစ်ပါး၊
20 အဆက်အနွယ်အလိုက် ရှေလမှဆင်းသက်သော ရှေလအဆက်အနွယ်၊ ဖာရက်မှဆင်းသက်သော ဖာရက်အဆက်အနွယ်၊ ဇေရမှဆင်းသက်သော ဇေရအဆက်အနွယ်တို့တည်း။
21 ဖာရက်၏သားစဉ်မြေးဆက်ကား၊ ဟေဇရုံမှဆင်းသက်သော ဟေဇရုံ့အဆက်အနွယ်၊ ဟာမုလမှဆင်းသက်သော ဟာမုလအဆက်အနွယ်တို့တည်း။
22 ထိုသို့ဖြစ်သော ယုဒအဆက်အနွယ်စာရင်းဝင်လူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင့်ငါးရာရှိသတည်း။
23 အဆက်အနွယ်အလိုက်၊ ဣသခါ့သားစဉ်မြေးဆက်ကား၊ တောလမှဆင်းသက်သော တောလအဆက်အနွယ်၊ ဖုဝါမှဆင်းသက်သော ဖုဝါ့အဆက်အနွယ်၊
24 ယာရှုပ်မှဆင်းသက်သော ယာရှုပ်အဆက်အနွယ်၊ ရှိမရုန်မှဆင်းသက်သော ရှိမရုန့်အဆက်အနွယ်တို့တည်း။
25 ထိုသို့ဖြစ်သော ဣသခါ့အဆက်အနွယ်စာရင်းဝင်လူပေါင်းကား ခြောက်သောင်းလေးထောင်သုံးရာရှိသတည်း။
26 အဆက်အနွယ်အလိုက် ဇာဗုလုန့်သားစဉ်မြေးဆက်ကား၊ သရက်မှဆင်းသက်သော သရက်အဆက်အနွယ်၊ ဧလုန်မှဆင်းသက်သော ဧလုန့်အဆက်အနွယ်၊ ယာလေလမှဆင်းသက်သော ယာလေလအဆက်အနွယ်တို့တည်း။
27 ထိုသို့ဖြစ်သော ဇာဗုလုန့်အဆက်အနွယ်စာရင်းဝင်လူပေါင်းကား ခြောက်သောင်းငါးရာရှိသတည်း။
28 အဆက်အနွယ်အလိုက်၊ ယောသပ်၏သားမနာရှေနှင့် ဧဖရိမ်တို့တွင်၊
29 မနာရှေ့သားစဉ်မြေးဆက်ကား၊ မာခိရမှဆင်းသက်သောမာခိရအဆက်အနွယ်၊ မာခိရသားဂိလဒ်မှဆင်းသက်သော ဂိလဒ်အဆက်အနွယ်တို့တည်း။
30 ဂိလဒ်သားစဉ်မြေးဆက်ကား၊ ယေဇာမှဆင်းသက်သော ယေဇာ့အဆက်အနွယ်၊ ဟေလက်မှဆင်းသက်သော ဟေလက်အဆက်အနွယ်၊
31 အသရေလမှဆင်းသက်သော အသရေလအဆက်အနွယ်၊ ရှေခင်မှဆင်းသက်သော ရှေဆင့်အဆက်အနွယ်၊
32 ရှမိဒမှဆင်းသက်သော ရှမိဒအဆက်အနွယ်၊ ဟေဖာမှဆင်းသက်သော ဟေဖာ့အဆက်အနွယ်တို့တည်း။
33 ဟေဖာ့သားဇလောဖဒ်၌ကား သားယောက်ျားမရှိ။ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာအမည်ရှိသော သမီးများသာတည်း။
34 ထိုသို့ဖြစ်သော မနာရှေ့အဆက်အနွယ်စာရင်းဝင်လူပေါင်းကား ငါးသောင်းနှစ်ထောင့်ခုနစ်ရာရှိသတည်း။
35 အဆက်အနွယ်အလိုက်၊ ဧဖရိမ့်သားစဉ်မြေးဆက်ကား ရှုသေလမှဆင်းသက်သော ရှုသေလအဆက်အနွယ်၊ ဗေခါမှဆင်းသက်သော ဗေခါ့အဆက်အနွယ်၊ တာဟန်မှဆင်းသက်သော တာဟန့်အဆက်အနွယ်တို့တည်း။
36 ရှုသေလသားစဉ်မြေးဆက်ကား ဧရန်မှဆင်းသက်သော ဧရန့်အဆက်အနွယ်တည်း၊
37 ထိုသို့ဖြစ်သော ဧဖရိမ့်အဆက်အနွယ်စာရင်းဝင်လူပေါင်းကား သုံးသောင်းနှစ်ထောင့်ငါးရာရှိသတည်း။ ယောသပ်၏သားစဉ်မြေးဆက်ကား အဆက်အနွယ်အလိုက် ထိုသို့ဖြစ်သတည်း။
38 အဆက်အနွယ်အလိုက်၊ ဗင်္ယာမိန့်သားစဉ်မြေးဆက်ကား ဗေလမှဆင်းသက်သော ဗေလအဆက်အနွယ်၊ အာရှဗေလမှဆင်းသက်သော အာရှဗေလအဆက်အနွယ်၊ အဟိရံမှဆင်းသက်သော အဟိရံ့အဆက်အနွယ်၊
39 ရှုဖံမှဆင်းသက်သော ရှုဖံ့အဆက်အနွယ်၊ ဟုဖံမှဆင်းသက်သော ဟုဖံ့အဆက်အနွယ်တို့တည်း။
40 ဗေလသားစဉ်မြေးဆက်ကား၊ အာရဒမှဆင်းသက်သော အာရဒအဆက်အနွယ်၊ နေမန်မှဆင်းသက်သော နေမန့်အဆက်အနွယ်တို့တည်း။
41 ထိုသို့ဖြစ်သော ဗင်္ယာမိန့်အဆက်အနွယ်စာရင်းဝင်လူပေါင်းကား လေးသောင်းငါးထောင့်ခြောက်ရာရှိသတည်း။
42 အဆက်အနွယ်အလိုက်၊ ဒန့်သားစဉ်မြေးဆက်ကား ရှုဟံမှဆင်းသက်သော ရှုဟံ့အဆက်အနွယ်တည်း။ ထိုသို့ဖြစ်သော ဒန့်အဆက်အနွယ်အလိုက်၊
43 ရှုဟံ့အဆက်အနွယ်စာရင်းဝင်လူပေါင်းကား၊ ခြောက်သောင်းလေးထောင့်လေးရာရှိသတည်း။
44 အဆက်အနွယ်အလိုက်၊ အာရှာ့သားစဉ်မြေးဆက်ကား ယိမနမှဆင်းသက်သော ယိမနအဆက်အနွယ်၊ ဣရွှိမှဆင်းသက်သော ဣရွှိအဆက်အနွယ်၊ ဗေရိယမှဆင်းသက်သော ဗေရိယအဆက်အနွယ်တို့တည်း။
45 ဗေရိယသားစဉ်မြေးဆက်ကား ဟေဗာမှဆင်းသက်သောဟေဗာ့အဆက်အနွယ်၊ မာလချေလမှဆင်းသက်သော မာလချေလအဆက်အနွယ်တို့တည်း။
46 အာရှာ၏သမီးအမည်ကား စေရတည်း။
47 ထိုသို့ဖြစ်သော အာရှာ့အဆက်အနွယ်စာရင်းဝင်လူပေါင်းကား ငါးသောင်းသုံးထောင့်လေးရာရှိသတည်း။
48 အဆက်အနွယ်အလိုက်၊ နဿလိသားစဉ်မြေးဆက်ကား ယာဇေလမှဆင်းသက်သော ယာဇေလအဆက်အနွယ်၊ ဂုနိမှဆင်းသက်သော ဂုနိအဆက်အနွယ်၊
49 ယေဇာမှဆင်းသက်သော ယေဇာ့အဆက်အနွယ်၊ ရှိလင်မှဆင်းသက်သော ရှိလင့်အဆက်အနွယ်တို့တည်း။
50 ထိုသို့ဖြစ်သော နဿလိအဆက်အနွယ်စာရင်းဝင်လူပေါင်းကား လေးသောင်းငါးထောင့်လေးရာရှိသတည်း။
51 ထိုသို့ ဣသရေလအမျိုးစာရင်းဝင်လူပေါင်းကား ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ရှိသတည်း။
52-53 ထိုနောက် မောရှေအားထာဝရဘုရားက၊ အမည်ဦးရေအလိုက်၊ ထိုအနွယ်များအား ပြည်နယ်ကိုပိုင်းခြားလျက်၊
54-55 ဦးရေများလျှင် အပိုင်းကျယ်ကိုလည်းကောင်း၊ ဦးရေနည်းလျှင် အပိုင်းကျဉ်းကိုလည်းကောင်း အနွယ်အသီးသီးတို့အား စာရင်းဝင်သူနှင့်အမျှဝေပေးလော့။
56 ပြည်နယ်ကိုမဲချ၍ ဦးရေနည်းများအလိုက် ပိုင်ရာကိုပိုင်းခြားပြီးနောက် လူအသီးအသီးတို့သည် အနွယ်အမည်များအတိုင်း အပိုင်ရကြစေဟုမိန့်တော်မူ၏။
57 လေဝိအဆက်အနွယ်အလိုက် စာရင်းဝင်သည်ကား ဂေရရှုံမှဆင်းသက်သော ဂေရရှုံ့အဆက်အနွယ်၊ ကောဟတ်မှဆင်းသက်သော ကောဟတ်အဆက်အနွယ်၊ မေရာရိမှဆင်းသက်သော မေရာရိအဆက်အနွယ်တို့တည်း။
58-59 လေဝိအဆက်အနွယ်များကား လိဗနိအဆက်အနွယ်၊ ဟေဗြုန့်အဆက်အနွယ်၊ မဟာလိအဆက်အနွယ်၊ မုရှိအဆက်အနွယ်၊ ကောရအဆက်အနွယ်တို့တည်း။ အိဂျစ်ပြည်တွင် လေဝိရသောသမီးယောခေဗက်သည် ကောဟတ်သားအာမရံ၏မယားဖြစ်၍ အာရုန်၊ မောရှေ၊ မိရိအံ၊ မောင်နှမတို့ကိုဖွားမြင်လေ၏။
60 အာရုန်၏သားနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့အနက်၊
61 နာဒပ်နှင့်အဘိဟုတို့သည် ထာဝရဘုရားရှေ့မီးအထူးကို ဆက်ကပ်မိသောကြောင့် သေရကြ၏။
62 တစ်လကျော်သားပါ စာရင်းဝင်ယောက်ျားပေါင်းကား နှစ်သောင်းသုံးထောင်ရှိသတည်း။ ဣသရေလအမျိုးသားတို့ဘောင်တွင် အမွေပုံမခံရသောကြောင့် အမျိုးစာရင်း၌မပါမဝင်ချေ။
63 ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေနှင့်ပရောဟိတ်ဧလာဇာတို့စာရင်းကောက်သော ဣသရေလအမျိုးသားတို့ကား ထိုသို့တည်း။
64-65 သို့ရာတွင် သဲတော၌သေဒဏ်ခံကြရမည်ဟု ထာဝရဘုရားမိန့်တော်မူခဲ့သည်နှင့်အညီ ယေဖုန္နာ့သားကာလက်၊ နုန့်သားယောရှုတို့မှတစ်ပါး သိနာတော၌ မောရှေနှင့်ပရောဟိတ်အာရုန်တို့စာရင်းကောက်ပြီးသူ ဣသရေလအမျိုးသားတစ်ဦးတစ်ယောက်မျှမကြွင်း ဤစာရင်းတွင် မပါမဝင်ချေ။