17
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား သင်ဆင့်ဆိုရသည့်အတိုင်း အိမ်ထောင်များအလိုက် တစ်အိမ်ထောင်လျှင်တောင်ဝေးတစ်ချောင်းကျ၊ အကြီးအကဲတို့မှ ဆယ့်နှစ်ချောင်းကိုယူလျက် တောင်ဝေးတိုင်း၌ပိုင်သူ့အမည်ကိုရေးထားလော့။
3 လေဝိအိမ်ထောင်များအအုပ်အချုပ်အဖို့လည်း တောင်ေဝးတစ်ချောင်းရှိအပ်သည်ဖြစ်၍ ထိုတောင်ေဝး၌အာရုန့်အမည်ရေးထားပြီးလျှင်၊
4 သင်တို့နှင့်ငါတွေ့ဆုံလေ့ရှိသောဌာန၊ တွေ့ဆုံရာတဲတော်၌ သက်သေတော်ရှေ့မှာထားလော့။
5 ငါရွေးချယ်အံ့သောသူ၏တောင်ဝေးတွင် အဖူးပေါ်သဖြင့် သင်တို့၌ဣသရေလအမျိုးသားတို့ ညည်းညူသံကိုငါကြားရတော့မည်မဟုတ်ဟု မိန့်တော်မူသည့်အတိုင်း၊
6 ဣသရေလအမျိုးသားတို့အား မောရှေဆင့်ဆိုသည်နှင့် အကြီးအကဲအပေါင်းတို့သည် အိမ်ထောင်များအလိုက်၊ တစ်ပါးလျှင်တောင်ဝေးတစ်ချောင်းကျ ဆယ့်နှစ်ချောင်းကိုအပ်ပေးကြရာ၊
7 သက်သေတော်ရှိတဲတော်၌ ထာဝရဘုရားရှေ့ထားလေ၏။
8 မောရှေသည် နောက်နေ့သက်သေတော်ရှိတဲတော်တွင်းသို့ဝင်သော် လေဝိအိမ်ထောင်အဖို့ဖြစ်သော အာရုန့်တောင်ဝေးတွင်အဖူးပေါ်လျက်၊ အပွင့်ပွင့်လျက်၊ ဗာတံသီးမှည့်လျက်ရှိသည်ကိုတွေ့လျှင်၊
9 တောင်ဝေးရှိသမျှကို ထာဝရဘုရားရှေ့တော်မှ ဣသရေလအမျိုးသားအပေါင်းတို့အားထုတ်ပြရာ သူတို့သည်ရှုကြည့်၍ ဆိုင်ရာတောင်ဝေးကိုကိုယ်စီယူလေ၏။
10 ထာဝရဘုရားကလည်း ပုန်ကန်သောသူတို့၊ ငါ့တစ်ဘက်ညည်းညူသံကိုသင်ဖြတ်၍ သေဘေးနှင့်ကင်းလွတ်ကြစေရန် သူတို့၌သက်သေလက္ခဏာအဖြစ်ဖြင့် အာရုန်၏တောင်ဝေးကို သက်သေတော်ရှေ့တွင် ပြန်ထားလျက်စောင့်ထိန်းလော့ဟု၊
11 မိန့်မှာတော်မူသည့်အတိုင်း မောရှေပြုလေ၏။
12 ဣသရေလအမျိုးသားတို့က၊ ကျွန်တော်တို့သည် ပျက်စီးရတော့မည်။ ရှိသမျှပင်သေ၍ ပျက်စီးရတော့မည်။
13 ထာဝရဘုရားစံရာတော်သို့ ချဉ်းကပ်မိသူတိုင်းသေတတ်၏။ ကျွန်တော်ရှိသမျှတို့ ပျက်စီးရမည်လောဟု မောရှေအားလျှောက်ဆိုကြ၏။